ဩဂုတ်လ ၃ ရက်‌တွင် ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီဆိုင်တချို့ကို တွေ့ရစဉ်။

MT News

Written by Ye Kyaw

ပြည်တွင်း၌ ဒီဇယ်ဈေးနှုန်း တစ်လီတာ ကျပ် ၂,၅၀၀ ဝန်းကျင်အထိ မြင့်တက်နေပြီး နှစ်ပတ်အတွင်း တစ်လီတာ ကျပ် ၂၄၀ ကျော် (၁၀ ရာခိုင်နှုန်းကျော်) မြင့်တက်ခဲ့ကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ဩဂုတ်လ ၄ ရက်တွင် ဒီဇယ်ရိုးရိုး တစ်လီတာ ကျပ် ၂,၄၀၀ နှင့် ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၂,၄၇၅ ကျပ်အထိ မြင့်တက်ခဲ့သဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နှင့် နှိင်းယှဉ်ပါက နှစ်ပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာ ကျပ် ၂၄၅ ကျပ် နှင့် ပရိမီယံဒီဇယ် တစ်လီတာ ၂၄၀ ကျပ် (၁၀ ရာခိုင်နှုန်းကျော်) မြင့်တက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တိုကတော့ ဓာတ်ဆီ 92 ပဲ ထည့်တာ၊ သူကတော့ ၂,၁၂၅ ကျပ် ပေါ့၊ အဲဒီနားမှာပဲ တက်သွားလိုက်၊ ကျသွားလိုက်ပေါ့၊ သိပ်မပြောင်းဘူး။ ဒီဇယ်ကတော့ မနေ့ကဆို ဆိုင်တွေမှာ ကျပ် ၂,၅၀၀ ကျော်အထိ ဖြစ်သွားတာ ဒီနေ့မနက်ပိုင်းတော့ ပြန်ကျသွားတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

ဩဂုတ်လ ၄ ရက်တွင် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများသည် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၁၂၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၂,၂၄၀၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၂,၄၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂,၄၇၅ ကျပ် ရှိကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

လစဥ်ပြည်တွင်းသုံးလိုအပ်ချက်နှင့်အညီ ပြည်ပ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသများမှ စက်သုံးဆီများကို တင်သွင်းနိုင်ရေးအတွက် ကော်မတီနှင့် ဆက်စပ်လုပ်ငန်းရှင်များတို့သည် လစဥ်တွေ့ဆုံညှိနှိင်းဆွေးနွေး၍ တင်သွင်းလျက်ရှိသည့်အပြင် အရန်ဆီများကိုလည်း အရေးပေါ်အခြေအနေတွင် ကာလတစ်ခုအထိ သုံးစွဲနိုင်ရေး အလုံအလောက် တင်သွင်းသိုလှောင်ထားရှိပြီးဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်‌ရေးကော်မတီမှ ကြေညာထားသော်လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *