Photo-- Thein Tun Aung
၅. ၈. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့၊ သီရိမန္တလာကားကြီးကွင်းရှိ ပင်မဆောင်အတွင်း၌ ပြင်ပဒဏ်ရာမတွေ့ရှိဘဲ အအေးမိလက္ခဏာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ယမန်နေ့နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း “နန်းတော်ရှေ့”လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ သီရိမန္တလာကားကြီးကွင်း၊ ပင်မဆောင်အတွင်း၏ အောက်ထပ်လှေကားရင်းကြွေပြားပေါ်တွင် သြဂုတ် ၄ ရက်(ယမန်နေ့) နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က ဦးခေါင်းကို တောင်ဘက် လှည့်ပြီး အင်္ကျီချွတ်ကာ ဘေးတစ်စောင်းအနေအထားဖြင့် အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးနေသော ရုပ်အလောင်းအား လမ်းသွားလမ်းလာများက တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာအဖွဲ့များထံသို့ အကြောင်းကြားခဲ့မှုကြောင့် တာဝန်ရှိသူများရောက်လာပြီး စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ အအေးမိလက္ခဏာဖြင့် သေဆုံးနေသည်ဟု စစ်ဆေးတွေ့ရှိခဲ့ကာ ရုပ်အလောင်းအား “နန်းတော်ရှေ့” လူမှုကယ်ဆယ်ရေးအဖွဲ့မှ မော်တော်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသွားသော အမျိုးသားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင် နေထိုင်သည့် အသက် ၃၅ နှစ်ခန့်ရှိသော နိုင်ဝင်း ဆိုသူဖြစ်ပြီး ကြုံရာကျပမ်းအလုပ်ကို လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။



