၂၇. ၇. ၂၀၂၃
Written by Ye Kyaw

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမည်ဟု ဗဟိုဘဏ်ကြေညာပြီးနောက်ရက်၌ပင် ပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဆန်ကုန်စည်ဒိုင်များ၏ လက်ကားဈေးတွင်ပင် တစ်အိတ်လျှင် ကျပ် ၃,၀၀၀ ဝန်းကျင် မြင့်တက်ခဲ့ကာ လက်လီဈေးကွက်တွင် တစ်ပြည်ကို ကျပ် ၃၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဆန်ကုန်စည်ဒိုင်များနှင့် ဆန်အရောင်းဆိုင်များမှ သိရသည်။

ဇူလိုင်လ ၂၃ ရက်အထိ လက်ကားဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၁၁၂,၀၀၀၊ ပေါ်ဆန်းဆန်(နယ်စုံ) တစ်အိတ် ကျပ် ၉၀,၀၀၀၊ ပေါ်ဆန်းဆန်(အသစ်) တစ်အိတ် ကျပ် ၈၉,၀၀၀၊ ကြားပျံရှယ် တစ်အိတ် ကျပ် ၉၅,၀၀၀၊ ဧည့်မထဆန် တစ်အိတ် ကျပ် ၆၁,၀၀၀၊ ငစိန်ဆန် တစ်အိတ် ကျပ် ၆၁,၀၀၀ ကျပ် သာရှိခဲ့သည်။

သို့သော် ၂၀,၀၀၀ တန်ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ဇူလိုင်လ ၂၃ ရက်တွင် ကြေညာပြီးနောက် ဇူလိုင် ၂၄ ရက်တွင် ဆန်လက်ကားဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၁၁၅,၀၀၀၊ ပေါ်ဆန်းဆန်(နယ်စုံ) တစ်အိတ် ကျပ် ၉၂,၀၀၀၊ ပေါ်ဆန်းဆန်(အသစ်) တစ်အိတ် ကျပ် ၉၂,၀၀၀၊ ကြားပျံရှယ် တစ်အိတ် ကျပ် ၉၆,၀၀၀၊ ဧည့်မထဆန် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ငစိန်ဆန် တစ်အိတ် ကျပ် ၆၃,၀၀၀ ကျပ်အထိမြင့်တက်ခဲ့ပြီး ဖော်ပြပါဆန်အမျိုးအစားလိုက် တစ်အိတ်ကို ကျပ် ၂,၀၀၀ မှ ကျပ် ၃,၅၀၀ အထိ ချက်ချင်းမြင့်တက်ခဲ့ကာ ဇူလိုင်လ ၂၇ ရက်(ယနေ့)အထိ ယင်းဈေးနှုန်းများအတိုင်း ဖြစ်ပေါ်နေကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ထို့အတူ ဆန်လက်လီဈေးကွက်တွင် အရောင်းအဝယ်အများဆုံးဖြစ်သည့် လူလတ်တန်းစားဆန် ကြားပျံရှယ်(တောင်ပျံ) အမျိုးအစားသည် တစ်အိတ်ကို ကျပ် ၁၁၅,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး တစ်ပြည်ကို ကျပ် ၄,၈၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ပေါ်ဆန်းဆန်တစ်အိတ်ကို ကျပ်တစ်သိန်းခွဲဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့ပြီး ပေါ်ဆန်းဆန်ရှယ်အမျိုးအစားသည် တစ်ပြည်ကို ကျပ် ၆,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

“ဆန်ဈေးကတော့ တစ်ပြည်ကို ၂၀၀ ကနေ ၃၀၀ လောက် တက်တယ်။ ဇူလိုင် ၂၄ ရက်ကပဲ သူတို့ဆန်ဒိုင်ကြီးတွေ အရောင်းဝယ်ပိတ်ထားတယ်။ အရင်ကတည်းက များများလှောင်ထားနိုင်တဲ့ ဆန်ဆိုင်တွေကတော့ ပြသနာမရှိပေမဲ့ အစ်မတို့လို နည်းနည်းကုန်တော့မှ ပြန်ဝယ်ရောင်းတဲ့ ဆိုင်သေးသမားတွေကတော့ မကိုက်ဘူး။ အခုဆန်ဝယ်ဖို့ကို တစ်ပတ်ပိတ်ထားတယ်ပြောတယ်။ ဂိုဒေါင်တွေကပေါ့။ ဈေးနှုန်းမတည်မငြိမ်ဖြစ်လို့ရယ် ဆန်မဝင်တာရယ်လို့ပဲ သူတို့က ပြောတယ်” ဟု ဗဟန်းမြို့နယ်အတွင်း ဆန်ဆိုင်ဖွင့်ထားသူက ပြောသည်။

လက်ရှိငွေဈေးမတည်မငြိမ်မှုများကြောင့် ပြည်ပတင်ပို့သည့် ဆန်ကြမ်းအမျိုးအစားများ ဝင်ရောက်သည့် ဘုရင့်နောင်ကုန်စည်ဒိုင်သို့လည်း ဆန်ဝင်ရောက်မှုနည်းနေကြောင်း၊ ဇူလိုင်လဆန်းပိုင်းတွင် ဆန်သား ၈၅ ရာခိုင်နှုန်းတင် ဆန်ကြမ်းဆန်သည် တစ်အိတ် ကျပ် ၅၄,၀၀၀ ဝန်းကျင်သာရှိရာမှ လက်ရှိတွင် ကျပ် ၆၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ဇူလိုင်လဆန်းပိုင်းထက် ဆန်ကြမ်းတစ်အိတ် ကျပ် ၄,၀၀၀ ကျော် မြင့်တက်ခဲ့ကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“ဆန်ဝင်တာကတော့ တစ်ရက်ကို အိတ်သုံးသောင်းဝန်းကျင်ပဲ ဝင်တယ်။ အရင်က အိတ်ရေ ငါးသောင်းလောက်ဝင်တာ။ အခုက ဆန်တစ်အိတ်ကို ၆၀,၀၀၀ နဲ့ ၅၈,၀၀၀ ကြားမှာဖြစ်ပေါ်နေတယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

ပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း ပြည်တွင်းဆန်ဈေးနှုန်း ဆန်အမျိုးအစားလိုက် ရာခိုင်နှုန်း ၈၀ မှ ၁၄၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည့်အပြင် ဆက်လက်မြင့်တက်နေသော ပြည်တွင်းဆန်ဈေးနှုန်းသည် ယခု ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဆိုသည့်သတင်းကြောင့်လည်း ထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *