ရန်ကုန်မြို့တွင်းရှိ EV Charging Station တစ်ခုတွင် လျှပ်စစ်ကားများကို တွေ့ရစဉ် (Photo - Ye Kyaw)

၂၆. ၇. ၂၀၂၃
Written by Ye Kyaw

လျှပ်စစ်သုံးယာဉ်များကို အမြတ်ငွေ ၂၀ ရာခိုင်နှုန်းအထက် ပိုမိုရောင်းချခြင်းနှင့် မော်တော်ယာဉ် ရောက်ရှိခြင်းမရှိဘဲ ကြိုတင်ရောင်းချပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းမည့်အပြင် စားသုံးသူရေးရာဥပဒေဖြင့်ပါ အရေးယူမည်ဖြစ်ကြောင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီမှ သတိပေး ကြေညာထားသည်။

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် လျှပ်စစ်သုံးယာဉ်များအား လူမှုကွန်ရက်များတွင်လည်းကောင်း၊ Show Room များတွင်လည်းကောင်း Pre Order ဖြင့် ရောင်းချနေကြောင်း သိရှိရကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်များ တင်သွင်းသည့် ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ်များ ပြန်လည်ရောင်းချရာ၌ CIF (Cost, Insurance,and Freight) တန်ဖိုးအပေါ် အမြတ် ၂၀ ရာခိုင်နှုန်းအထက် ပိုမိုရောင်းချခြင်းမပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချခြင်းမပြုရန်၊ မော်တော်ယာဉ် ရောက်ရှိခြင်းမရှိဘဲ Pre Order ဖြင့် ကြိုတင်ရောင်းချခြင်းမပြုရန် သတိပေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အထက်ဖော်ပြပါ တားမြစ်ချက်အပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စီမံခန့်ခွဲမှု နည်းလမ်းအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာဥပဒေအရ အရေးယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *