၂၄.၇.၂၀၂၃
Written By Thandar

မိသားစုဒရာမာပုံစံ “အဆိပ်လို အချစ်” ရုပ်သံဇာတ်လမ်းတွဲက ဟဲဗီးဒရာမာဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် သရုပ်ဆောင်တွေအားလုံးကလည်း ဒီဇာတ်ကားအပေါ်မှာ ရင်ခုန်ကြတယ်လို့ ဆိုပါတယ်။

ဒီဇာတ်လမ်းတွဲကို မနက်ဖြန် ဇူလိုင် ၂၅ရက်နေ့ တနင်္လာနေ့ကနေ သောကြာနေ့အထိ အပတ်စဥ် ညနေ ၇ နာရီမှာ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

“ဒီဇာတ်လမ်းတွဲလေးကို ၂၀၂၂ ခုနှစ် နို၀င်ဘာလလောက်က ရိုက်ကူးခဲ့တာပါ။ ဇာတ်လမ်းလေးက မိသားစုဒရာမာ ဇာတ်လမ်းလေးပါ။ ဒရာမာမှာမှ တကယ်ကို အိုက်တင်တွေလုပ်ရတဲ့ ဟဲဗီးဒရာမာ ဇာတ်လမ်းမျိုးပါ။ ပြီးတော့ ဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ သာထက်ဉာဏ်ဇော်တို့ ဆောင်း၀တ်ရည်မေတို့လို့ အဓိကဇာတ်ဆောင်ကလေးတွေအတွက်လည်း သူတို့တစ်ခါမှ မလုပ်ဖူးတဲ့ အိုက်တင်မျိုးတွေ၊ ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းမှာ ပါဝင်ထားပါတယ်။ အဲဒီအတွက်လည်း သူတို့တွေက အများကြီးကြိုးစားခဲ့ကြသလို ကျွန်တော့်အနေနဲ့လည်း လိုချင်တဲ့ အိုက်တင်ရအောင်လို့ သေချာလေးသင်ပြပြီး ကြိုးစားရိုက်ကူးထားပါတယ်။ အားလုံးအတွက် တကယ်ကို ဟဲဗီးဒရာမာဇာတ်လမ်းတစ်ပုဒ် အိုက်တင်တွေကို သေသေချာချာကြီးကို ကြိုးစားကြရတယ်။ ဟဲဗီးဒရာမာဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် သရုပ်ဆောင်တွေအားလုံးကလည်း ဒီဇာတ်ကားအပေါ်မှာ ရင်ခုန်ကြတယ်”လို့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်က MT News ကို ပြောပါတယ်။

နယူးကြောင်ကမ္ဘာထုတ်လုပ်ရေးရဲ့ “အဆိပ်လို အချစ်” ဇာတ်လမ်းတွဲက လူငယ်တွေရဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်မှုတွေအပေါ်မှာ လူကြီးမိဘတွေရဲ့ ဖောက်ပြန်မှုလုပ်ရပ်တွေကြောင့် ရန်ငြိုးထားကလဲ့စား ချေမှုတွေစတဲ့ လုပ်ရပ်တွေက လွှမ်းမိုးလာခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့အကြောင်း၊ မိသားစုတွေအကြားမှာ အပြန်အလှန် ပြဿနာတွေကို ဇာတ်လမ်းဖွဲ့ ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေဖြစ်တဲ့ သာထက်ဉာဏ်ဇော်၊ ကောင်းဇံဟိန်း၊ ဆောင်းဝတ်ရည်မေ၊ ခန့်၊ ဂရိတ်ချမ်း၊ ခွန်ဆိုင်း၊ ကောင်းထက်သာ၊ မင်းမြတ်သုခ၊ မင်းခန့်ကို၊ စျာန်စျာန်သာဟန်၊ ဆုလာဘ်၊ ထူးဝဏ္ဏရှိန်း၊ ရန်အောင်၊ ရဲအောင်၊ မေသန်းနု၊ လှမျိုးသဥ္ဇာနွယ်၊ နန်းရွှေရည်၊ ရွှေခေးဦးစတဲ့ အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *