၂၁. ၇. ၂၀၂၃
Written by Nay Aung
နစကအစိုးရအဖွဲ့မှ ဝန်ကြီးသုံးဦးအပါအဝင် လူပုဂ္ဂိုလ် ၆ဦးနှင့် အဖွဲ့စည်းဌာနတစ်ခုကို ၇ ကြိမ်မြောက် ပစ်မှတ်ထားပိတ်ဆို့မှု ထပ်မံချမှတ်လိုက်ကြောင်း ဥရောပသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ဥရောပသမဂ္ဂ၏ ၇ ကြိမ်မြောက် ပိတ်ဆို့မှုချမှတ်ခံရသူများထဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ နစကအဖွဲ့ဝင်နှစ်ဦးနှင့် တပ်မတော်အရာရှိတစ်ဦးတို့ပါဝင်ခဲ့သလို အမှတ် (၂)သတ္တုတွင်း ဌာနတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ဥရောပသမဂ္ဂက” နစက အဖွဲ့တာဝန်ရှိသူများအပါအဝင် မြန်မာနိုင်ငံက လူပုဂ္ဂိုလ်ပေါင်း ၉၉ ဦးနဲ့ အဖွဲ့စည်းပေါင်း ၁၉ ခုကို ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခဲ့တယ်။ အဲဒီသူတွေဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ခရီးသွားခွင့်ပိတ်ပင်ခံရမယ့်အပြင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာရှိနေတဲ့ ပိုင်ဆိုင်မှုတွေလည်း အသိမ်းခံရမှာဖြစ်ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ရဲ့လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့စည်းတွေဟာ ပိတ်ဆို့မှုချမှတ်ခံရတဲ့စာရင်းထဲမှာ ပါဝင်နေသူ ငွေကြေးရယူနိုင်မှုတွေကို တားမြစ်သွားမှာပါ”ဟု သတင်းထုတ်ပြန်ထားသည်။
ဥရောပသမဂ္ဂက မြန်မာနိုင်ငံတွင် ရန်လိုမှုအားလုံးကို ရပ်တန့်ရန်၊ အင်အားသုံးဖြေရှင်းမှုများကို အဆုံးသတ်ရန်နှင့် လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးဥပဒေများ လေးစားလိုက်နာရန် တိုက်တွန်းတောင်းဆိုထားသည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ပြစ်တင်ရှုတ်ချမှုများရှိခဲ့သလို ပစ်မှတ်ထားပိတ်ဆို့မှုများလည်းချမှတ်ခဲ့ရာ ၂၀၂၁ ခုနှစ် မတ်လ ၂၂ရက်၊ ဧပြီ ၁၉ ရက်၊ ဇွန်လ ၂၁ ရက်နေ့၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်၊ နိုဝင်ဘာ ၈ ရက်၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တို့တွင် ပိတ်ဆို့မှုများချမှတ်ခဲ့ဖူးကြောင်း သိရသည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းတင်သွင်းမှု ပိတ်ပင်ခြင်း၊ မြန်မာ့တပ်မတော်သားများကို လေ့ကျင့်သင်ကြားပေးမှု ပိတ်ပင်တားမြစ်ခြင်း စသောပိတ်ပင်မှုအချို့ကိုလည်း ချမှတ်ထားကြောင်း သိရသည်။
Ref- EU
