၂၁. ၇. ၂၀၂၃
Written by Pan Ei

အခုလအတွင်း စင်ကာပူနိုင်ငံမှာ အသက် ၆ နှစ်အရွယ် Crocs ဖိနပ်စီးထားတဲ့ ကလေးငယ်တစ်ဦး စက်လှေကားစီးရင်း မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ အဲ့ဒီကလေးရဲ့ ဘယ်ဘက်ခြေထောက် ခြေသန်းပျက်စီးခဲ့ရတယ်လို့ Shin Min Daily News က မနေ့က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီကလေးငယ်ဟာ မိဘတွေ၊ ညီဖြစ်သူတို့နဲ့အတူ ခရီးသွားနေချိန် စင်ကာပူနိုင်ငံက Botanic Gardens MRT ဘူတာရုံက စက်လှေကားမှာ မတော်တဆဖြစ်ခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူရဲ့ ဘေးမှာ ရပ်ပြီးစီးနေစဉ်ဖြစ်ခဲ့တာလို့ သိရပါတယ်။

မတော်တဆဖြစ်ခဲ့ပြီးနောက် ကလေးငယ်က ရုတ်တရက် ထငိုတဲ့အချိန်မှာ ကလေးရဲ့ အရှေ့မှာ စက်လှေကားစီးနေတဲ့ ဖခင်ဖြစ်သူက ချက်ချင်းဆွဲထုတ်လိုက်တာဖြစ်ပြီး ဒဏ်ရာက မပြင်းထန်ဘူးလို့ အစကထင်ခဲ့ပေမဲ့ သွေးထွက်များလွန်းနေလို့ ကြည့်လိုက်တဲ့အခါမှာ ကလေးရဲ့ ဘယ်ခြေထောက်ခြေသန်းက အကုန်ပျက်စီးလုနီးပါးဖြစ်နေခဲ့တယ်လို့ ကလေးငယ်ရဲ့ မိခင်က ပြောကြားခဲ့ပါတယ်။

မတော်တဆဖြစ်ပွားပြီးနောက်မှာ စက်လှေကားကို ပိတ်ပစ်လိုက်ပြီး ကလေးကို ဆေးရုံပို့ခဲ့ကာ နှစ်နာရီကြာ ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၀ တုန်းကလည်း VivoCity ဈေးဝယ်စင်တာက စက်လှေကားမှာ ကလေးတစ်ဦး ခြေထောက်ညပ်မှုဖြစ်ပွားခဲ့ဖူးပြီး စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့က ဝန်ထမ်းတွေက ကယ်တင်ခဲ့ရကာ အဲဒီအချိန်တုန်းက မတော်တဆဖြစ်ခဲ့တဲ့ ကလေးဟာလည်း Crocs ဖိနပ်ကိုဝတ်ထားခဲ့တာပါ။

ဟောင်ကောင်နိုင်ငံက ရထားလိုင်းကတော့ ခုလိုမတော်တဆမှုမျိုးမဖြစ်အောင် အဲ့ဒီဖိနပ်အမျိုးအစားကို တားမြစ်ထားတယ်လို့ သိရပါတယ်။

ကလေးငယ်တွေ ဘေးကင်းစေဖို့အတွက် မိဘတွေက မိမိတို့ရဲ့ပတ်ဝန်းကျင်ကို အမြဲသတိထားပြီး အိမ်အပြင်ထွက်တဲ့အခါမှာလည်း မိမိတို့ရဲ့ကလေးတွေ ဘာလုပ်နေတယ်ဆိုတာကို အမြဲသတိရှိပြီး စောင့်ကြည့်သင့်တယ်လို့ theAsianparent ရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

Ref; Asiaone

Leave a Reply

Your email address will not be published. Required fields are marked *

Related News