၁၄. ၇. ၂၀၂၃
Written by Naing Thuta
အမရပူရမြို့နယ်ရှိ “မောင်ဒိန်း”ရွှေဆိုင်အား အမည်မသိလူ ၄ ဦးက ကျပ်သိန်းပေါင်း ၁၅၀၀ နီးပါးခန့်တန်ဖိုးရှိသော ရွှေထည်ပစ္စည်းများကို ယမန်နေ့နေ့လည်ပိုင်းက နေ့ခင်းကြောင်တောင် အနုကြမ်းစီးသွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက်(ယမန်နေ့)နေ့လည် ၁၂ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စာတိုးမြို့ပြင်ကြီးကျေးရွာအုပ်စု၊ စက်ကွေ့ရပ်(ဒေသအခေါ်)၊ ရန်ကုန် – မန္တလေးကားလမ်းဟောင်းဘေးရှိ”မောင်ဒိန်း” ရတနာရွှေဆိုင်အား ဖွင့်လှစ်ရောင်းချနေစဥ်အတွင်း အမည်မသိအမျိုးသား ၄ ဦးသည် ရိန်းဂျားအမျိုးအစားအဖြူရောင်မော်တော်ယာဥ်(ယာဉ်နံပါတ်အားတိပ်ဖြင့်အုပ်ထား)ဖြင့် ရောက်ရှိလာကာ သေနတ်အတို ၃ လက်၊ အရှည် ၁ လက်တို့ကို ကိုင်ဆောင်၍ ဆိုင်အတွင်းသို့ဝင်ရောက်လာပြီး ပထမဦးဆုံးသေနတ် ၁ ချက်ဖောက်၍ ဝန်ထမ်းများအားမှောက်ခိုင်းထားကာ မှန်ကောင်တာအားရိုက်ခွဲပြီး ရွှေထည်ပစ္စည်းများကို အနုကြမ်းစီးလုယူသွားကာ စာတိုးမြို့ပြင်ကြီးကျေးရွာအတွင်းသို့ မောင်းနှင်ထွက်ပြေးသွားကြောင်း MT News သတင်းဌာနထံသို့ ၎င်းရွှေဆိုင်ပိုင်ရှင်အမျိုးသား၏ ပြောပြချက်အရ သိရသည်။
အဆိုပါအနုကြမ်းစီးသွားသည့်သူများသည် ဆိုင်မှ ရွှေဆွဲကြိုး ၄၁ ကုံး(၂၀ ကျပ်သားခန့်)ကာလတန်ဖိုး ကျပ်သိန်း ၅၈၀၊ ရွှေနားကပ် ၁၃၇ ရံ(၂၄ ကျပ်သားခန့်) ကာလတန်ဖိုး ကျပ် ၇၀၈ သိန်း၊ ဟန်းချိန်း ၂၁ ခု(၇ ကျပ်သားခန့်)ကာလတန်ဖိုး ကျပ် ၁၄၇ သိန်း၊ ကလစ် ၄ ခု(၁ ကျပ်သားခန့်)ကာလတန်ဖိုး ကျပ်၂၉ သိန်း၊ စုစုပေါင်းကာလတန်ဖိုး ကျပ်၁၄၆၄ သိန်းခန့်ရှိသည့် ပစ္စည်းများလုယက်သွားပြီး အသေးစိတ်အား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေကြောင်းနှင့် လူထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
