၁၃. ၇. ၂၀၂၃
Written by Peya

တရုတ်ပညာရှင်အဖွဲ့က သဗ္ဗညုဘုရားကြီးကို ပြုပြင်ထိန်းသိမ်းရာတွင် ငလျင်ဒဏ်ကို ခံနိုင်စေရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သတင်းဌာနသို့ ပြောသည်။

၂၀၁၈ခုနှစ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခဲ့မှုအရ သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရန် တရုတ်ပညာရှင်အဖွဲ့ က Conservation Plan တင်ပြလာခဲ့ကာ အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ထိန်းသိမ်းစီမံခန့်ခွဲရေး (Conservation and Management Team for Bagan World Heritage Site -CMTB) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက် ပြုလုပ်ခဲ့သည်။

“အခုကတော့ လုပ်တော့ လုပ်နေပြီ။ တူးဖော်ရေး အဖွဲ့က စ ဝင်နေပြီ။ ထိန်းသိမ်းရေး အဖွဲ့ကတော့ Conservation Plan အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ စ ဝင်တော့မှာ။ နှစ်ပိုင်းပေါ့။ အရေးကြီးတာက ကြံ့ခိုင်မှုအပိုင်းပေါ့။ ဒုတိယဟာက ရှေးမူမပျက်ပေါ့။ မကြံ့ခိုင်ဘဲနဲ့ ရှေးမူမပျက်လုပ်ရင်လည်း အဆင်မပြေဘူးလေ။ ကြံ့ခိုင်မှုအပိုင်းကို ဦးစားပေးရတာပေါ့။ ဘုရားကြီးရဲ့ အခြေအနေက သူတို့လည်း 3D Scan တွေလည်း ရိုက်တယ်။ ဒရုန်းတွေနဲ့လည်း ရိုက်တဲ့အခါ အတွင်းလိုဏ်ပတ်လမ်းတွေက အတွင်းကြေ ကြေနေတာ။ ဒါကြောင့် သူတို့က အထဲထဲမှာ Steel bean တွေခံမှာ” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ယခင်ကလုပ်ခဲ့သည့် ကျောက်ဂူဥမင်နှင့် ကျန်စစ်သား ဥမင်တို့တွင် ပြုလုပ်ခဲ့သကဲ့သို့မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အဲ့ဒီတုန်းကတော့ ဂဟေ အသေဆော်ပစ်တာပေါ့။ ငလျင်လှုပ်တဲ့အခါ လှုပ်ရှားမှု မရှိဘူးပေါ့။ ငလျင်လှုပ်သလို မရွေ့တော့ အုတ်တံတိုင်းကိုရိုက်ချိုးသလို ဖြစ်တာပေါ့။ အဲ့ဒီရဲ့ အားနည်းချက်ကို ပြန်ပြီးတော့ သူတို့ရဲ့ဟာက အရှင်ပေါ့။ ငလျင်ဘယ်လို လှုပ်မလဲ အရှေ့၊ အနောက် လှုပ်မလား။ တောင်မြှောက်လှုပ်မလား လှုပ်တဲ့ ဟာအတိုင်း လိုက်လှုပ်တာမျိုး လုပ်မှာပေါ့။ ဂျပန်တို့ ဘာတို့မှာ လုပ်သလိုမျိုးပေါ့။ အဲ့ဒီ နည်းစနစ်ပါတယ်” ဟု ဦးကျော်မျိုးဝင်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *