၁၂. ၇. ၂၀၂၃
Written by Ye Kyaw

တာချီလိတ်နှင့် ကျိုင်းတုံဒေသတို့တွင် သုံးစွဲရန်လိုအပ်သော စက်သုံးဆီကို အထူးကိစ္စရပ်တစ်ရပ်အဖြစ် နယ်စပ်မှ တင်သွင်းခွင့်ပြုပေးထားပြီး လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်း စက်သုံးဆီတင်သွင်းမှု ဒေါ်လာ ၁၁ သန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

တာချီလိတ်ဒေသနှင့် ကျိုင်းတုံဒေသတွင် သုံးစွဲရန် လိုအပ်သော စက်သုံးဆီ ဒီဇယ်၊ ဓာတ်ဆီတို့ကို အထူးကိစ္စရပ်တစ်ရပ်အနေဖြင့် နယ်စပ်မှ တင်သွင်းခွင့်ပြုထားခြင်းဖြစ်ပြီး စက်သုံးဆီများ တင်သွင်းခွင့်လိုင်စင်များ လျှောက်ထားရာတွင် AD ဘဏ်များ၏ ဘဏ်ငွေစာရင်း Bank Credit/Bank Statement များတင်ပြ၍ တင်သွင်းရခြင်းဖြစ်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ သုံးလအတွင်း ဒီဇယ် ၆၉,၆၉၂ BBL (တန်ချိန် ၂,၉၀၀ ကျော်) တင်သွင်းမှု တန်ဖိုးဒေါ်လာ ၇ ဒသမ ၃၆၅ သန်းနှင့် ဓာတ်ဆီ ၃၆,၄၇၈ BBL (တန်ချိန် ၁,၅၃၀ ကျော်) တင်သွင်းမှု တန်ဖိုးဒေါ်လာ ၃ ဒသမ ၇၉၉ သန်းရှိကြောင်းသိရှိရသည်။ အဆိုပါ သုံးလအတွင်း တာချီလိတ်နယ်စပ်မှ စက်သုံးဆီတင်သွင်းမှု ဒေါ်လာ ၁၁ ဒသမ ၁၆၄ သန်း တန်ဖိုးအထိ တင်သွင်းထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ဒေသသည် ပြည်မနှင့်အလှမ်းကွာဝေးပြီး လိုအပ်သော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား တစ်ဖက်အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှတစ်ဆင့် တင်သွင်းအသုံးပြုနေကြခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *