photo - Happy Taxi Family Rescue Team
၁၂. ၇. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်းဆီဆိုင်အနီးတွင် ဇူလိုင်လ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်က အိမ်စီးယာဥ်ငယ်တစ်စီး မတော်တဆဖြစ်ကာ တိမ်းမှောက်ခဲ့တာကြောင့် ယာဥ်ပေါ်ပါသူ နှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့တယ်လို့ Happy Taxi Family ပရဟိတအဖွဲ့မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ဖြစ်စဥ်မှာ Honda Insight အမျိုးအစားယာဥ်ငယ်တစ်စီး မတော်တဆဖြစ်မှု ဖြစ်ထားကြောင်း လူထိခိုက်မှုရှိကြောင်း လမ်းပေါ်သွားနေတဲ့ တက္ကစီတစ်စီးက မြင်တွေ့တာကြောင့် Happy Rescue အဖွဲ့ကို သတင်းလှမ်းပေးတယ်လို့ ဆိုပါတယ်။ အဆိုပါအဖွဲ့က သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အကြောင်းကြားကာ အမြန်ထွက်ခွာကူညီနိုင်ရေး ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
“ကားဘာကြောင့် အခုလောက် ဆိုးဆိုးဖြစ်လောက်အောင် ထိခိုက်ထားလဲ မသိရဘူး။ ကျွန်တော်တို့ရောက်တော့ အမျိုးသားက အရောင်ပြောင်းနိုင်ခြေ (သေဆုံးနိုင်ခြေ) ရှိတဲ့ အခြေအနေပါ။ အမျိုးသမီးက ထိခိုက်ဒဏ်ရာ များပေမယ့် ရှင်နိုင်ခြေရှိလို့ ဆေးရုံကြီးအမြန်ရောက်ရေး ဆောင်ရွက်ခဲ့ကြတယ်။ အမျိုးသားကိုတော့ လင်းလက်လူမှုကူညီရေးအဖွဲ့က နိဗ္ဗာန်ယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ခဲ့ပါတယ်။ နှစ်ဦးစလုံး ခန့်မှန်းအသက်အရွယ် ၃၅ ပတ်ချာလည်လောက်ပဲ ရှိမယ်”လို့ MT News ကို ပြောပါတယ်။
အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်မှာပါဝင်တဲ့ အမျိုးသား အမျိုးသမီးနှစ်ဦးဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တာကို အခုထိ မသိရှိရသေးဘဲ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

