◾️ တရုတ်ဘက်တွင် ချိပ်ပိတ်ထားသည့် ကျပ်သိန်း ၃ သိန်းဖိုးခန့်ရှိ မြန်မာ့ပို့ကုန်များ ယခုထိပြန်မရသေး

၁၂.၇. ၂၀၂၃
Written by Ye Kyaw

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၌ ပဲ၊ နှမ်း တင်ပို့ရောင်းချခြင်းအပါအဝင် အခြားပို့ကုန်များ တင်ပို့ရောင်းချနိုင်ရန်အတွက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ယူနန်ပြည်နယ်အစိုးရအဖွဲ့နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၁ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ယူနန်ပြည်နယ်အစိုးရ၏ ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာဝမ်ဟောက် ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တွေ့ဆုံစဥ် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး နယ်စပ်ဂိတ်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး၌ ပဲ/နှမ်း တင်ပို့ရောင်းချခြင်း အပါအဝင် အခြားပို့ကုန်များ တင်ပို့ရောင်းချခြင်းကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်သည့်ကိစ္စရပ်များနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနိုင်ငံသားများ၏ အကျိုးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စုခန့်ကတည်းက တရုတ်နိုင်ငံသို့ ပဲ၊ နှမ်း တင်ပို့မှုတွင် မြန်မာနှင့် တရုတ်နှစ်နိုင်ငံလုံးအား တရားဝင်အခွန်များ ပေးဆောင်ကာ တင်ပို့နေခြင်းဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် မြန်မာနိုင်ငံမှ တင်ပို့ထားသည့် ကျပ်သိန်းပေါင်း ၃ သိန်းခန့်တန်ဖိုးရှိ ပဲ၊ နှမ်း တန်ချိန်နှစ်သောင်းကိုမူ ယူနန်ဒေသအပြင် တရုတ်နိုင်ငံရှိ အခြားသောမြို့များသို့ နယ်ကျော်ပို့ဆောင်ခြင်းဟုဆိုကာ ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည်ရရှိခြင်းမရှိသေးကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *