၁၁. ၇. ၂၀၂၃
Written by Ye Kyaw

အခွန်ထမ်းပြည်သူများ အခွန်ပေးဆောင်ရာတွင် အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့်သာ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး အခွန် ပေးဆောင်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်မည့် Taxpayer Portal အား တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်တွင် ကြေညာထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ထမ်းပြည်သူများ အခွန်ပေးဆောင်ရာတွင် လွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများ၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းများ (Mobile Banking, Mobile Payment)တို့ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ယက်စနစ် CBM-Net မှတစ်ဆင့်လည်းကောင်း MPU Debit Card အသုံးပြု၍ အွန်လိုင်းမှလည်းကောင်း အခွန်ပေးဆောင်နိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်သည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစ၍ နိုင်ငံပိုင်ဘဏ်များတွင် ဘဏ်ငွေစာရင်းဖွင့်လှစ်ထားသော အခွန်ထမ်းများမှအပ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးများနှင့် ရန်ကုန်မြို့ရှိအလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများတွင် အခွန် ထမ်းကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြင့်သာ အခွန်ပေးဆောင်ရန် တစ်ပြေးညီလက်ခံကျင့်သုံးဆောင်ရွက်လျက်ရှိရာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံ အသိပေးဆောင်ရွက်ထားရှိပြီးဖြစ် သည်။

အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများ၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းများ (သို့မဟုတ်) MPU Debit Card ကို အသုံးပြု၍ အခွန်ပေးဆောင်ရာတွင် သက်ဆိုင်ရာ အီလက်ထရောနစ် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများမှ အခွန် ပေးသွင်းပြီးကြောင်း အထောက်အထားကို ကနဦးထုတ်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများတွင် အခွန်ငွေလွှဲပြောင်းလက်ခံရရှိပြီးပါက ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထား (ပတခ(e-payment)) ကို အခွန်ထမ်းထံကို Email ပေးပို့အကြောင်းကြားလျက်ရှိသည်။

တစ်ဦးချင်းအခွန်ထမ်းများအပါအဝင် တစ်နိုင်ငံလုံးရှိ အခွန်ထမ်းများအနေဖြင့် ဘဏ်များ၏ ငွေပေးချေမှုစနစ် (Payment Channel) အသီးသီးမှတစ်ဆင့် အီလက်ထရောနစ်ငွေပေးချေမှု နည်းလမ်းများဖြင့် လွယ်ကူလျင်မြန်စွာ အခွန်ပေးဆောင်နိုင်ရန်အတွက် အီလက်ထရောနစ် အခွန်ပေးဆောင်မှုစနစ်သစ်များနှင့် အခွန်ထမ်းတစ်ဦးချင်းအနေဖြင့် မိမိတို့သက်ဆိုင်သည့် အခွန်ပေးဆောင်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်မည့် Taxpayer Portal ကို တိုးချဲ့အကောင်အထည်ဖော်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ အခွန်ထမ်းကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သို့ ငွေသား/ချက်လက်မှတ်/ငွေပေးအမိန့်လွှာဖြင့် အခွန်ငွေပေးသွင်းမှုအစား ပိုမိုလွယ်ကူလျင်မြန်ပြီး လုံခြုံမှုရှိသည့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့်သာ အခွန်ပေးနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ထပ်မံ၍ တိုက်တွန်းနှိုးဆော်ထားသည်။

အခွန်ထမ်းများအနေဖြင့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်နှင့် စပ်လျဥ်း၍ သိရှိလိုသည်များရှိပါက အခွန်ထမ်းဝန်ဆောင် မှုဗဟိုအဖွဲ့ရုံး (ရန်ကုန်) (၀၁-၈၃၈၉၃၁၁) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၄၄၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (မန္တလေး) (၀၂-၄၀၃၀၁၉၂၊ ၀၂-၄၀၃၀၆၃၈၊ ၀၂-၄၀၃၀၆၃၉) နှင့် အီလက်ထရောနစ် ဝန်ဆောင်မှုနည်းပညာဆိုင်ရာ အကူအညီ‌ပေးရေးစင်တာ (e-Service Help Desk Center) ၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၃၅၊ ၀၁-၈၃၇၉၀၂၁ နံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *