ပုဂံဒေသ၏ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် နိုင်ငံတော်အဆင့် ညှိနှိုင်းစီမံပေးမည်

၇. ၇. ၂၀၂၃
Written by Peya

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဘုရားပုထိုး ၃၈၉ ဆူအနက် သဗ္ဗညုဘုရားကြီးမှလွဲ၍ ကျန်ဘုရားများအားလုံးကို ပထမအဆင့် ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် အနာဂတ်ကာလတွင် ပုဂံဒေသ၏ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာ၌ နိုင်ငံတော်အဆင့် ညှိနှိုင်းစီမံပေးသွားမည်ဖြစ်ကြောင်း ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီထံက သတင်းရရှိသည်။

၂၀၁၆ ခုနှစ် ဩဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသရှိ စေတီပုထိုးများအနက် ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ပြီး ပျက်စီးမှုများကို ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရန်နှင့် စနစ်တကျပြုပြင်နိုင်ရန်အတွက် “ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ” ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် “ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ထို့အတူ ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်ခဲ့သော ဘုရားပုထိုးများကို ပြန်လည် ပြုပြင်ထိန်းသိမ်းရာတွင် ပြည်တွင်း၊ ပြည်ပက ပညာရှင်များ တာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်မှုများဖြင့် ဆောင်ရွက်ခဲ့သည့်အတွက် ထိခိုက်ပျက်စီးခဲ့သော ဘုရားပုထိုး ၃၈၉ ဆူအနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ပူးပေါင်း၍ ၉ နှစ်စီမံကိန်းဖြင့် ပြင်ဆင်ရန်စီမံဆောင်ရွက်နေသည့် သဗ္ဗညုဘုရားကြီးမှလွဲ၍ ကျန်ဘုရားအားလုံးကို ပထမအဆင့် ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ပြီးသောကြောင့် ရာနှုန်းပြည့်ပြီးစီးသည်ဟု ဆိုနိုင်ကာ အဆိုပါ ဘုရားပုထိုးများသာမက သဘာဝဘေးဒဏ်ကြောင့် ပြုပြင်ရန်လိုအပ်သော နောက်ထပ်ဘုရား အဆူ ၁၁၀ ကိုလည်း ဆောင်ရွက်ပြီးခဲ့သောကြောင့် စုစုပေါင်းဘုရား ၄၉၉ ဆူ ထိန်းသိမ်းပြုပြင်ပြီးခဲ့ကြောင်း ကော်မတီထံက သိရသည်။

၂၀၂၃ ခုနှစ် မတ်လမှစတင်၍ တရုတ်ပညာရှင်အဖွဲ့ရောက်ရှိနေခဲ့ပြီး လိုအပ်သည့် ဆောင်ရွက်ချက်များ ပြုလုပ်လျက်ရှိသည့်အတွက် မကြာမီကာလတွင် သဗ္ဗညုဘုရားပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်မည်ဟု သိရသည်။ ထို့အပြင် အနာဂတ်ကာလ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာ၌ နိုင်ငံတော်အဆင့်အနေနှင့် ဆက်လက်ညှိနှိုင်းစီမံပေးသွားမည်ဖြစ်ကြောင်းလည်း ကော်မတီမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *