ဓာတ်ပုံ - ရဲတပ်ကြပ်ကြီး ဇော်မင်းဦးကို NUG ဩဇာခံ PDF များ ဖမ်းဆီးပြီး မသတ်ဖြတ်မီမြင်ကွင်းများ။ (Photo- Freedom Kanbauk)
၅. ၇. ၂၀၂၃
Written by Nay Moe
ရေဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး စခန်းသို့ပြန်လာစဥ် PDF များ ပူးပေါင်းဖမ်းဆီးပြီးနောက် ပြန်လည်ခုခံ၍ ထွက်ပြေး သည်ဟု ခေါင်းစဥ်တပ်၍ သတ်ဖြတ်လိုက်ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် မလွှတောင်စုပေါင်းစစ်ဆေးရေးဂိတ်မှ ရေဖြူမြို့မရဲစခန်းသို့ ပြန်လာသော ရဲတပ်ကြပ်ကြီးတစ်ဦး ပြည်သူနှင့်ရောပြီးဆင်းလာကြောင်း သတင်းအတိအကျရ၍ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သော ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့(KBDF)၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(T1)၊ ဝေဟင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဇင်ယော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ ရေဖြူအလယ်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ထားဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော်(DNLA) အဖွဲ့များမှ ရန်ကုန်-ထားဝယ် အမှတ်(၈) ကားလမ်းမကြီးတစ်နေရာ၌ ထပ်မံ၍ စစ်ဆေးခဲ့ရာ အိမ်စီးကားတစ်စီးတွင် ပြည်သူများနှင့်အတူ အသွင်ယူကာလိုက်ပါလာသော ရဲတပ်ကြပ်ကြီး ဇော်မင်းဦး၊ ကိုယ်ပိုင်အမှတ် (လ-၂၁၄၇၂၁) ကို လက်ရဖမ်းမိခဲ့သည်။
ဖမ်းဆီးရမိသော ရဲတပ်ကြပ်ကြီးကို ၎င်းတွင်ပါလာသော ယူနီဖောင်းအားပြန်လည်ဝတ်ဆင်စေပြီး PDF ပူးပေါင်းတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်။ ထို့နောက် ဖမ်းဆီးရမိသော ရဲတပ်ကြပ်ကြီးကို ပူးပေါင်းတပ်ဖွဲ့များမှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် (တပ်ရင်း-၁) တာဝန်ခံထံသို့ အပ်နှံရန်သွားစဉ် လမ်းခုလတ်တစ်နေရာ၌ ၎င်းမှ ပြန်လည်ခုခံပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့သည်ဟု ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) ၏ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုဖြစ်စဥ်တွင် မူလက သတင်းများဖော်ပြရာ၌ ရဲတပ်ကြပ်ကြီးကို ဖမ်းမိ၍ သုတ်သင်ရှင်းလင်းလိုက်သည်ဟု NUG, PDF ထောက်ခံသည့် မီဒီယာများက ဖော်ပြခဲ့ပြီး ထိုသတင်းဌာနများသို PDF များက ပေးပို့သည့်ပုံတွင်လည်း ရဲတပ်ကြပ်ကြီးဇော်မင်းဦးကို ထိုးကြိတ်ရိုက်နှက်ထားသည့်အသွင်နှင့် ဒူးထောက်ထိုင်ခိုင်းထားသည့် ပုံများပါဝင်ခဲ့သည်ကိုတွေ့ရကာ နောက်မှသာ ခုခံထွက်ပြေး၍ သတ်ဖြတ်လိုက်ရသည်ဟု ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
