MT News
Written By Thandar
ဖဲကို ကျွမ်းကျင်စွာဆော့ကစားတတ်တဲ့ သူတွေနဲ့ ရိုက်ကူးမဲ့ “ရှမ်းကိုးမီး” SHAN-KOE-MEE ရုပ်ရှင်ဇာတ်ကားအတွက် Final Audition ကို ဇူလိုင် ၄ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို)မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီနေ့ ရှမ်းကိုးမီး ဇာတ်ကားအတွက် နောက်ဆုံး Final Audition ရွေးချယ်တာပါ။ ယောက်ျားလေး သရုပ်ဆောင် ၄ ယောက်နဲ့ မိန်းကလေး သရုပ်ဆောင် ၃ ယောက် ရွေးချယ်တာဖြစ်ပါတယ်။ ခုနောက်ဆုံး ပါဝင်လာတဲ့ သရုပ်ဆောင် ၃၅ ယောက်ဟာ ဖဲနဲ့ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင်ရှိလို့ ခုလိုနေရာအထိ ရောက်ခဲ့တာပါ” လို့ဒါရိုက်တာ ညိုမင်းလွင်ကပြောပါတယ်။

ပဏမ လူရွေးမှုအပိုင်းမှာ Media ဘက်က ကိုလင်းနိုင်ဦး၊ ဒါရိုက်တာကျော်နှင်းဆီ ၊ ဇာတ်ညွှန်းနဲ့ တွဲဖက်ဒါရိုက်တာ အလင်္ကာညို၊ ယောက်ျားလေး သရုပ်ဆောင်အတွက် ဦးဝင်းမြိုင် စသူတွေနဲ့ လူတွေ့စစ်ဆေးထားတာလည်းဖြစ်ပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားအတွက် လူအယောက် ၄၀၀ ကျော်ကနေ လူတွေ့စစ်ဆေးပြီး ၃၅ ယောက်ရွေးချယ်ခဲ့ရာကနေ နောက်ဆုံး Final Audition မှာ အမျိုးသား ၄ ယောက်နဲ့အမျိုးသမီး ၃ ယောက် စုစုပေါင်း လူ ၇ ယောက် ရွေးချယ်သွားမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်း ဇာတ်ညွှန်းပိုင်းအပြင် ဒါရိုက်တာညိုမင်းလွင်က Action Comedy ဇာတ်လမ်းပုံစံရိုက်ကူးမယ့် “ရှမ်းကိုးမီး” ရုပ်ရှင်ဇာတ်ကားက သရုပ်ဆောင်ပိုင်းကို အမှန်တကယ်ဝါသနာပါပြီး ဖဲကိုကျွမ်းကျင်စွာ ရိုက်တတ်သူ သရုပ်ဆောင်တွေကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။



