၄. ၇. ၂၀၂၃
Written by Nay Moe
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာအခြေပြု PDF များနှင့် လခရစစ်ကြောင်းများ တိုက်ပွဲဖြစ်ပွားပြီး ထိုတိုက်ပွဲများအတွင်း PDF ငါးဦးသေဆုံးကာ နှစ်ဖက်တိုက်ပွဲကြား အိမ်ခြေ ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
စစ်ကိုင်းတိုင်းအတွင်း တရစပ်ထိုးစစ်ဆင်နေသော လခရစစ်ကြောင်းများကြောင့် ဇွန်လအတွင်း PDF ၅၀ ခန့် သေဆုံးခဲ့ပြီးဖြစ်သလို ဇူလိုင် ၂ ရက် နံနက် ၂ နာရီခွဲတွင်လည်း တလိုင်းကျေးရွာမှ PDF များကို လခရ ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးရာ PDF ငါးဦးသေဆုံးပြီး နှစ်ဖက်တိုက်ပွဲများအကြား ရွာပါမီးလောင်ကာ အိမ်ခြေ ၁၀၀ ခန့် ပျက်စီးခဲ့ရခြင်းလည်းဖြစ်သည်ဟု ကနဦးသတင်းများအရ သိရသည်။

“စစ်ကြောင်းထိုးလာချိန်မှာ PDF တွေနဲ့ တိုက်ပွဲဖြစ်တယ်။ ရွာသူရွာသားတွေကတော့ နှစ်ဖက်ပစ်ခတ်ချိန်ကတည်းက ရှောင်သွားတာပါ။ မထိခိုက်ပါဘူး။ စစ်ကြောင်းက တိုက်ပွဲပြီးသွားတော့ ရွာထဲမှာ တစ်ရက်နေသေးတယ်။ PDF တွေကလည်း ပြန်တိုက်တော့ တိုက်ပွဲတချို့ဆက်ဖြစ်တယ်။ အခုကတော့ ရွာကလူတွေက ကိုယ့်ရွာကိုယ် ပြန်ရောက်နေကြတယ်။ အိမ်အများကြီးမီးလောင်သွားတော့ နေစရာစားစရာအဆင်မပြေကြဘူးပေါ့။ တိုက်ပွဲဖြစ်ချိန်မှာ PDF တွေနဲ့ လခရတွေပဲကျန်တာလေ။ ဘယ်လိုမီးလောင်သွားတာလဲ ဘယ်သူမှမသိသလို ငြှိမ်းမဲ့သူလည်း ရှိမှမရှိတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း လခရများမှာ PDF ငါးလောင်း၊ သေနတ် ၆ လက်၊ ကျည်တောင့် ၅၀၀ ကျော်၊ ကားတစ်စီး၊ လက်လုပ်ဗုံးများ၊ လက်လုပ်စိန်ပြောင်းဗုံးသီးများ၊ KIA အမှတ်တံဆိပ်ပါ ဦးထုပ်များနှင့် ယူနီဖောင်းများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းနိုင်ခဲ့သည်ဟုလည်း Telegram သတင်းအချို့တွင် ဖော်ပြထားသည်။
ပုံစာ။ တိုက်ပွဲဖြစ်ပွားသော တလိုင်းကျေးရွာမှ ပျက်စီးသွားသောနေအိမ်အချို့မြင်ကွင်း(ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)


