၃. ၇. ၂၀၂၃
Written by Pan Ei
တော်ဝင်မင်းသား ဟယ်ရီဟာ မှတ်တမ်းရုပ်ရှင်သစ်ကို အာဖရိကမှာရိုက်ကူးဖို့ စီစဉ်နေသလို အာဖရိကကို ကြင်ယာတော် မီဂန် မပါဘဲ သွားနေတယ်လို့ သိရပြီး အဆိုပါ ရုပ်ရှင်ကို Netflix ကနေ ပြသသွားမှာဖြစ်ပါတယ်။
မင်းသား ဟယ်ရီဟာ ဗြိတိန်တော်ဝင်မိသားစုက ထွက်ရှိလာကတည်းက ရုပ်ရှင်တွေရိုက်ကူးခဲ့တာဖြစ်ပြီး မနှစ်က Netflix က ပြသခဲ့တဲ့ သူတို့စုံတွဲနှစ်ဦးရဲ့ “Harry & Meghan” မှတ်တမ်းရုပ်ရှင်ဟာလည်း အောင်မြင်မှု ကြီးကြီးမားမားရရှိခဲ့တယ်။
Spotify နဲ့ စာချုပ်ပြီးဆုံးပြီးနောက် Netflix နဲ့ ဒေါ်လာ သန်း ၁၀၀ တန် စာချုပ်ချုပ်ဆိုထားတဲ့ မင်းသား ဟယ်ရီတို့အတွဲဟာ အောင်မြင်နိုင်တဲ့ အကြောင်းအရာသစ်တွေရရှိဖို့ ဖိအားတွေအောက်မှာရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မကြာမီမှာပဲ ခုလို မင်းသားဟယ်ရီ အာဖရိကမှာရိုက်ကူးမယ့် မှတ်တမ်းရုပ်ရှင်အကြောင်း ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
မင်းသားဟယ်ရီရဲ့ မှတ်တမ်းရုပ်ရှင်က ဘာအကြောင်းအရာလဲဆိုတာ မသိရသေးဘဲ အမေရိကမှာ ဟောလိဝုဒ်စာရေးဆရာတွေရဲ့ သပိတ်မှောက်မှုတွေ ရှိနေတာကြောင့် အဲ့ဒီပရောဂျက်ဟာ ရှေ့ဆက်မတိုးနိုင်သေးဘူးလို့လည်း သိရပါတယ်။
ဟယ်ရီရဲ့ အာဖရိကခရီးဟာ မြေမြှုပ်မိုင်းဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် အာဖရိကကို မသေဆုံးမီက သွားရောက်ခဲ့တဲ့ မိခင်ဖြစ်သူ မင်းသမီး ဒိုင်ယာနာရဲ့ ခြေရာကို လိုက်လျှောက်နေတာ ဖြစ်တယ်လို့လည်း တချို့က ဆိုကြပါတယ်။
ဒါ့အပြင် မင်းသားဟယ်ရီတို့စုံတွဲ ရိုက်ကူးထားတဲ့ “Heart of Invictus” စီးရီးဟာလည်း လာမယ့်လမှာ ထွက်ရှိသွားမှာဖြစ်ပြီး Great Expectations စီးရီးကို အခြေခံထားတဲ့ “Bad Manners” ဆိုတဲ့ Netflix အတွက် တီဗီရှိုးတစ်ခုမှာလည်း သူတို့ ပါဝင်သွားကြမယ်လို့ သိရသလို မင်းသားရဲ့ အာဖရိကမှတ်တမ်းရုပ်ရှင်မှာလည်း ဘာအကြောင်းအရာကို ရိုက်ကူးထားသလဲဆိုကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။
Ref; Daily Mail

