၁. ၇. ၂၀၂၃
Written by Peya

ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားရာ နိုင်ငံတစ်ခုဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံတွင် ပထမဆုံးအဖြစ် မြန်မာ ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်မည်ဖြစ်ကြောင်း အဆိုပါ ကျောင်းတည်ဆောက်ရေး အကျိုးတော်ဆောင်များထံက သိရသည်။

ဘုန်းတော်ကြီးကျောင်း၏ အမည်မှာ “အေးငြိမ်းချမ်းသာ” ဖြစ်ကာ ဖနွမ်းပင်မြို့ဟောင်းနေရာဖြစ်သည့် ဥဒေါင်တောင်ဘုရားအနီး၊ အမှတ်( ၅၁ )လမ်းအနီး မြေအကျယ်အဝန်း ၃၀၂၀ စကွဲယားမီတာအား အမေရိကန်ဒေါ်လာ ၇၈,၀၀၀ ဖြင့်ဝယ်ယူနိုင်ခဲ့ကာ မြေအလှူရှင်မှာ 24 hours group of Co; Ltd. နှင့် Myanmar Airways International and Air KBZ Ltd. တို့၏ ဥက္ကဋ္ဌ ဦးအောင်အောင်ဇော်ဖြစ်ကြောင်း သိရသည်။

“နေ့စဥ်ဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့တော်ဖနွမ်းပင်မြို့တော်အနီး တည်ဆောက်ချင်ပါသော်လည်း မြေတန်ဖိုးကြီးမြင့်ခြင်းကြောင့် ကမ္ဘောဒီးယားအစိုးရထံ မြေနေရာအလှူခံနိုင်ရေးကြိုးစားအားထုတ်ခဲ့ပါသည်။ ကျွန်တော်တို့အတွက် သင့်တော်တဲ့နေရာများတွင် မြေလွတ်မရှိပါသဖြင့် ထိုအကြံအစည်ကို လက်လျှော့ခဲ့ရပါတယ်။ ထိုနောက် “စိတ်သာရှင်စောဘုရားဟော”ဆိုတဲ့အတိုင်း စိတ်ဆန္ဒသာတကယ်ရှိရင် ဖြစ်ချင်တဲ့ဆန္ဒသာပြင်းပြရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ အဆုံးအမအတိုင်း မြေနေရာ ရရှိရေးအတွက် မြေနေရာများ လိုက်လံရှာဖွေခဲ့ပါသည်” ဟု ကျောင်းဖြစ်မြောက်ရေး အကျိုးတော်ဆောင်တစ်ဦးဖြစ်သူ ဦးအောင်အောင်ဇော်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးအတွက် စိတ်ရည်သန်ကာ ဝယ်ယူလှူဒါန်းမည် ဆိုသောကြောင့် စိတ်ဒုန်းဒုန်းချနိုင်ခဲ့ကာ အကျိုးတော်ဆောင်အဖွဲ့မှ သာသနာ့မြေပြောင်းရေး၊ ကျောင်းအမည်နှင့် မြေနာမည်ရရှိရေး၊ ဘုန်းကြီးကျောင်းဆောက်လုပ်ခွင့်ရရှိရေးများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ၎င်းက ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *