စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးသည့် ဆိုင်တစ်ခု၏ ဖြန့်ချိမှုမြင်ကွင်းကို တွေ့ရစဥ်

MT News

Written By A Thaung

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) မှ အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး ၂၄ နာရီ မပြည့်မီမှာပင် တရိပ်ရိပ်စျေးကျနေသည့် စားအုန်းဆီ ပင်ရင်းဒိုင်ကန်ချစျေး တစ်ပိသာ ကျပ် ၉၀၀ ဈေးဆွဲတင်မှုများဖြစ်ပေါ်ခဲ့ပြီး ကုမ္ပဏီအချို့ အရောင်းပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။

FATF က မြန်မာနိုင်ငံအား အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း မကြေညာမီ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းက ဒိုင်များ၏ စားအုန်းဆီတစ်ပိဿာ ကန်ချစျေး ကျပ် ၅၈၀၀ သာရှိခဲ့ပြီး အောက်တိုဘာ ၂၂ ရက် နေ့လည်ပိုင်းတွင် တစ်ပိဿာ ကျပ် ၆၇၀၀ အထိ ဈေးနှုန်းမြင့်တက်သွားကြောင်း ဘုရင့်နောင်အခြေစိုက် စားအုန်းဆီဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“မနေ့ကနဲ့ ဒီနေ့ဆိုရင်တော့ ကန်ချစျေး ၉၀၀ လောက်ကိုတက်သွားတယ်။ လက်ကားပုံးဆွဲစျေးကတော့ ၇၀၀၀ ကျော်သွားတာပေါ့။ ကျွန်တော်တို့ကတော့ ရှိတဲ့ဆီကို အကုန်ရောင်းပစ်တာဆိုတော့ ကန်မှာပြန်ဝယ်တဲ့အခါ တက်ဈေးနဲ့ မိတာပဲ။ လက်ထဲလည်း ကိုင်မထားရဲဘူး” ဟု အောက်တိုဘာ ၂၂ ရက်နေ့တွင်  ၎င်းကပြောသည်။

MT News က ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက်ကား ရောင်းချနေသူများအား လိုက်လံစုံစမ်းကြည့်ရာ အများစုက အရောင်းပိတ်ထားခြင်းမရှိဘဲ ကန်ချစျေးအပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်ရောင်းချနေကြကြောင်း သိရသည်။

လှိုင်၊ မရမ်းကုန်း၊ အင်းစိန်မြို့နယ်ရှိ လက်လီအရောင်းဆိုင်အချို့ကို စုံစမ်းကြည့်ရာတွင် ဆိုင်အချို့မှာ အောက်တိုဘာ ၂၁ ရက်ဈေးဖြစ်သည့် တစ်ပိသာ ၆၄၀၀ ကျပ်ဖြင့်ရောင်းချနေပြီး အချို့မှာ တစ်ပိသာ ၇၀၀၀ ကျပ်ဖြင့်ရောင်းချနေကြောင်း သိရသည်။

“မနေ့ကဈေးနဲ့ပဲ မနက်ကရောင်းလိုက်တာ အကုန်ကုန်သွားတယ်။ အခုတော့အရောင်းပိတ်ထားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘုရင့်နောင်ဒိုင်ကိုသွား၀ယ်တာ ဈေးကတက်သွားတော့ မရောင်းရဲတော့ဘဲ ဒီနေ့တော့ အရောင်းပိတ်လိုက်တယ်” ဟု မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

တစ်ရက်အတွင်း စားအုန်းဆီ ကန်ချစျေး တစ်ပိဿာ ကျပ် ၉၀၀ မြင့်တက်ခဲ့ခြင်းအပေါ်  လက်ကားရောင်းချသူများ၏အမြင်ကိုမေးမြန်းကြည့်ရာ ယခုကန်သို့ရောက်ရှိနေသည့် စားအုန်းဆီအများစုမှာ ယခင်ဈေးနှုန်းမြင့်တက်ချိန်က တင်သွင်းလာခဲ့သည့်ဆီများဖြစ်ပြီး ယခုရက်အတွင်း ကမ္ဘာ့စားအုန်းဆီတစ်တန်ဈေးမှာလည်း ဈေးနှုန်းအမြင့်ပိုင်းသို့ရောက်ရှိနေခြင်းအပြင် မြန်မာနိုင်ငံအား FATF က ငွေကြေးဆိုင်ရာ အမည်ပျက်စာရင်းသွင်းလိုက်သည့် ကြေညာချက်၏ နောက်ဆက်တွဲဂယက်ဖြစ်နိုင်ကြောင်း ပြန်လည်ဖြေဆိုသည်။

“ပို့ကုန်သွင်းကုန်လုပ်ငန်းစဉ်တွေမှာတော့ တော်တော့ကို သက်ရောက်တယ်။ နောက်ပိုင်း ဆီဆိုရင် အရင်ကလို ငွေချေလို့မရတော့ဘူး။ နောက်တစ်ချက်က တို့ကို အကြွေးမပေးတော့ဘူး။ အခုလတ်တလောကတော့ အခြေအနေကိုစောင့်ကြည့်နေဆဲပဲ” ဟု စားအုန်းဆီတင်သွင်းဖြန့်ဖြူးရောင်းချနေသူတစ်ဦးက အောက်တိုဘာ ၂၂ ရက်နေ့တွင် MT News ကိုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စားအုန်းဆီတစ်ပိဿာဈေးနှုန်းမှာ ကန်ချဈေး ကျပ် ၉၇၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး အောက်တိုဘာလဒုတိယအပတ်မှစတင်ကာ တစ်ပိသာလျှင် ကျပ် ၅၈၀၀ အထိ ဈေးနှုန်းပြန်လည်ကျဆင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *