MT News

Written By A Thaung

တရုတ်။ ကိုရီးယား၊ စင်္ကာပူ၊ ထိုင်း နှင့် မလေးရှားနိုင်ငံအခြေစိုက် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုမ္ပဏီပေါင်း ၂၀ နီးပါးလာရောက်ပြသမည့် မြန်မာ့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပြပွဲကြီးအား ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်ဝန်းအတွင်းတွင်ရှိသည့် ရန်ကုန်ကွန်ဗန်းရှင်းစင်တာတွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြပွဲကိုဦးဆောင်ကျင်းပသည့် Agri Tech Myanmar မှ တာဝန်ရှိသူတစ်ဦးက MT News သို့ပြောသည်။

ပြပွဲသို့လာရောက်မည့် ကုမ္ပဏီများအနေဖြင့် Covid-19 ရောဂါအခြေအနေ၊ ကွာရန်တင်းဝင်ရမည့်အခြေအနေများကြောင့် အနည်းအများရှိနိုင်ပြီး အီတလီနိုင်ငံမှ NGO တစ်ခုမှလည်း လာရောက်ပူးပေါင်းမည်ဖြစ်သည်။

အဆိုပါပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာကျင်းပမည့်ဖြစ်ပြီး ပြပွဲတွင် ပြည်တွင်းကုမ္ပဏီ ၄၀ ဝန်းကျင်လည်း ဝင်ရောက်ပြသမည်ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးသုံးစက်ပစ္စည်းများ၊ အသုံးအဆောင်များ၊ နည်းပညာများအား လာရောက်ပြသမည်ဖြစ်ကြောင်း Agri Tech Myanmar မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“နိုင်ငံခြားကုမ္ပဏီတွေ လာဖို့ပြောထားတာတော့ရှိတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့် သူတို့လာလို့ ရတာတွေ မရတာတွေတော့ရှိမယ်။ အဲဒါကြောင့်မို့လို့ အရေအတွက်ကို အတိအကျမပြောနိုင်သေးတာ။ လာတာတော့ လာကြမှာပါ။ ဟိုဘက်နိုင်ငံက ထွက်လို့ ရမရအခြေအနေပေါ်မူတည်ပြီး ဖြစ်မယ်။ အဓိကကတော့ တရုတ်ပေါ့။ တရုတ်က သူက ကွာရန်တင်းပြန်ဝင်ရတာဆိုတော့ လာနိုင်လား၊ မလာနိုင်လားက မသေချာဘူး။ ဒီတစ်ခုတော့ ပြန်စောင့်ရတာရှိတယ်” ဟု ၎င်းကပြောသည်။

ပြပွဲတွင် မွေးမြူရေးနှင့် အစာဆိုင်ရာ ဟောပြောပွဲများ၊ စိုက်ပျိုးသီးနှံနှင့် ဈေးကွက်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ ငါး၊ ပုစွန်မွေးမြူရေးနှင့်ဈေးကွက်ဆိုင်ရာ ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယခုပြပွဲကို ၂၀၂၀ ပြည့်နှစ်ကတည်းက ပြုလုပ်ရန်စီစဉ်ထားသော်လည်း Covid-19 ကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင်မှ ပြန်လည်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *