၂၃. ၆. ၂၀၂၃
Written By Thandar
ပရဟိတမင်းသမီးလို့ အများက တင်စားခေါ်ဝေါ်ရတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေဟာ မိခင်ကွယ်လွန်သွားတဲ့ ၁၂ ရက်သား အမြွှာသားလေးနှစ်ယောက်ရှိတဲ့ ရှမ်းပြည်နယ် အောင်ပန်းအထိ သွားရောက် ခေါ်ယူမွေးစားခဲ့ပါတယ်။
ကလေးရဲ့မိခင်ဟာ အောင်ပန်းမှာနေထိုင်သူဖြစ်ပြီး ကလောမှာတင် အောက်ဆီဂျင်ကျသွားလို့ တောင်ကြီးဆေးရုံအထိပို့ ဆောင်ခဲ့ပြီး ဗိုက်ခွဲ မွေးခဲ့ပေမယ့် နှလုံးရောဂါနဲ့ ဆီးချိုရောဂါအခံရှိတာကြောင့် မွေးပြီးပြီးချင်းမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

“အမဆီ ဖုန်းဆက်အကြောင်းကြားတော့ ကလေးအမြွှာလေးတွေ မွေးတယ်ပေါ့။ မိခင်ဖြစ်သူက မွေးပြီးပြီးချင်း ၁ နာရီလောက်ပဲ ကြာတယ်။ ဆုံးသွားတယ်ပေါ့။ သူတို့ကလေးတွေလည်း ပေးချင်တယ်။ ကလေးတွေက ကျန်းမာရေးလည်း မကောင်းဘူး။ အုပ်ထိန်းသူ အဖေနဲ့ အဖွားကရှိတယ်။ သူတို့ စားဝတ်နေရေး ခက်ခဲနေတဲ့အကြောင်းတွေ ပြောပြတယ်။ ရက်လည် ဆွမ်းသွပ်ဖို့တောင် အဆင်မပြေဘူးဆိုတော့ အမလည်း ကူညီပေးဖြစ်တာပါ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေကပြောပါတယ်။
ကလေး နှစ်ယောက်ရဲ့ ဖခင်က ဝင်ငွေပုံမှန်မရှိသလို အမြွှာကလေးတွေက ကျန်းမာရေးသိပ်မကောင်းဘူးလို့လည်းဆိုပါတယ်။

အမြွှာကလေးတွေက ၁၂ ရက်သားသာရှိသေးတာလည်း ဖြစ်ပါတယ်။ မိခင်ဖြစ်သူက အငြိမ့်မင်းသမီးဖြစ်ပြီးကလေးတွေမွေးပြီးပြီးချင်း ၁ နာရီကျော်မှာ ဆုံးသွားတာလည်း ဖြစ်ပါတယ်။ ဆရာတော်တစ်ပါးနဲ့ ကျောင်းဆရာတို့မိသားစုက ကလေးတွေမွေးဖို့ ကမ်းလှမ်းခဲ့သော်လည်း ဖခင်ဖြစ်သူက ခိုင်နှင်းဝေကို ပေးရမှပဲ ယုံကြည်စိတ်ချတယ်လို့ သိရပါတယ်။
“ခုလိုပေးလိုက်လို့ ကလေးတွေအတွက်တော့ မိခင်က စိတ်ချသွားမယ်လို့ အမယုံကြည်ပါတယ်။ အမ အမျှပေးဝေချိန်မှာလည်း ဆုတောင်းပေးတယ်။ ရင်ထဲကမေတ္တာစကားနဲ့ ကလေးတွေကို စိတ်ချပါလို့။ ပြီးတော့ မွေးပြီးပြီးချင်းဆုံးသွားတော့ မိခင်မေတ္တာဆိုတာ ရှိမှာပဲလေ။ ဒီလိုခံစားရတာ ပထမဦးဆုံးပဲ။ ရင်ထဲမှာတော်တော်လေးမကောင်းပါဘူး။ မိခင်အတွက်လည်း စိတ်မကောင်းဖြစ်ရသလို ကလေးတွေအတွက်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။ ကလေးတွေကို ကယ်လိုက်နိုင်လို့ ဝမ်းသာပီတိဖြစ်ရတယ်။ မိခင်အတွက် စိတ်မကောင်းဖြစ်ရတယ်။ မလိုချင်ဘဲရတဲ့ကလေးမဟုတ်ဘဲ စွန့်ပစ်တဲ့ကလေးလည်း မဟုတ်ပြန်ပါဘူး။ လိုချင်လို့မွေးပြီး သေမင်းက ခေါ်သွားတဲ့ ကံကြမ္မာကြီးကိုပဲအပြစ်တင်ရမှာပေါ့လေ။ ကံကြမ္မာကြောင့် ဖြစ်ရတာကို စိတ်မကောင်းဖြစ်မိပါတယ်”လို့ သူမကဆက်ပြောပါတယ်။

ခိုင်နှင်းဝေဟာ အခုလိုမျိုး ကလေးတွေအပြင် ရင်ခွင်မဲ့ မိဘမဲ့ကလေးတွေနဲ့ စွန့်ပစ်ခံကလေးငယ်တွေကို သူမကိုယ်တိုင် သွားရောက်ခေါ်ယူမွေးစားလျက်ရှိပါတယ်။
သရုပ်ဆောင် ခိုင်နှင်းဝေ ခေါ်ယူမွေးစားခဲ့တဲ့ ကလေး အများစုဟာ ရက်သားကလေးငယ်လေးတွေသာဖြစ်ပြီး ဆက်လက်မွေးစားဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေကြောင့် သူမကို ခေါ်ယူမွေးစားဖို့ အကူအညီတောင်းခံလာတာဖြစ်ပါတယ်။
လက်ရှိ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာမှာဆိုရင် ရင်ခွင်မဲ့ မိဘမဲ့ကလေးတွေနဲ့ စွန့်ပစ်ခံ ကလေးငယ် ၈၀ ကျော်လောက် ရှိပါတယ်။ သူမမွေးစားထားတဲ့ ကလေးငယ်တွေကို အရွယ်ရောက်တဲ့အထိ ပြုစုပေးပြီး ကျောင်းနေအရွယ်ရောက်ချိန်မှာလည်း ပညာသင်ကြားပေးလျှက်ရှိပါတယ်။



