၂၃. ၆. ၂၀၂၃
Written By Thandar
ပရိသတ်က ကောင်းမွန်တဲ့ ရသမျိုးစုံခံစားရမယ့် “ကျိန်စာသင့် နတ်သုဒ္ဓါ” ဇာတ်လမ်းတွဲကြည့်ရှုစေဖို့အတွက် အိမ်ရောင်းပြီး ရိုက်ကူးခဲ့တာပါလို့ ဒါရိုက်တာစတီးလ်က MT News ကို ပြောပါတယ်။
“တိရိစ္ဆာန်လေးတွေကို သနားညှာတာဖို့၊ သူတို့လေးတွေ စောင့်ရှောက်ပေးဖို့ ရည်ရွယ်ရိုက်ထားတယ်။ တိရိစ္ဆာန်လေးတွေ ကယ်တင်တဲ့ကားမို့ အများသိသွားအောင် စိတ်ဆန္ဒတစ်ခုကြောင့်လည်းပါတယ်။ ကိုယ့်ဇာတ်ကားကိုယ် ယုံကြည်မှု အပြည့်ရှိလို့ကို အိမ်ရောင်းပြီးတော့ ဇာတ်ကား ၂ ကား ရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်လမ်းတွဲဆိုပြီး ရိုက်ကူးခဲ့ပေမယ့် ရုပ်ရှင်အနေနဲ့ ပြသချင်လို့ တချို့အပိုင်းတွေ ဖြတ်ထုတ်လိုက်တယ်။ ရုပ်ရှင်တစ်ကားစာလို ဖြတ်လို့မရလို့ ၃နာရီ ၅၂ မိနစ်စာ ပြသမှာပါ။ ပထမရိုက်ထားတဲ့ ရုပ်ရှင်ဆန်ဆန် ရိုက်ထားတာမို့ အပိုတွေ ဖြတ်ထုတ်လိုက်တယ်။ ဒီကားကို ရုပ်ရှင်ကားအတိုင်း အသံပိုင်းတွေကို အိန္ဒိယကို ပိုပြီး သေချာအားစိုက်လုပ်ထားတဲ့ ဇာတ်ကားပါ”လို့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲဟာ ဝတ္ထု မြှားစင်္ကြာ၊ ဇာတ်ညွှန်း နေစိုးသော်က ရေးသားပြီး ဒါရိုက်တာစတီးလ် ၊ Assistant Director သားငယ် ၊ Art Director ဟိန်းထက်စိုးတို့နဲ့ လမ်းဘေးအလေအလွင့် ခွေးလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ခွေးဂေဟာတစ်ခုထဲမှာ အလုပ်လုပ်တဲ့ မိသားစုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Drama ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

“အနုပညာကို ကောင်းကောင်း ရိုက်ကူးပြသချင်ပေမယ့် Producer စိတ်ပါ။ ပိုက်ဆံအကုန်ခံ ရိုက်ထားပြီး ပြဖို့အတွက် အရမ်းကို မျှော်ရတာပေါ့။ သူ့မျှော် ငါ့မျှော်ပေါ့။ မျှော်တိုင်းလည်း အလွယ်တကူလက်ခံပေးတဲ့ ခေတ်လည်း မဟုတ်ဘူး။ ရုပ်ရှင်ရုံစနစ်ကလည်း ဒီလိုပါပဲ။ ရုပ်ရှင်ရုံခေတ်ကလည်း ဒီလိုပဲ ငါပိုင်မှ ပြလို့ရမယ်။ သူပိုင်မှ ပြလို့ရမယ့် စနစ်မှာ ကျွန်တော်တို့က ရေတိမ်မျှောသွားတာပါ။ ငွေအမောင့်အများကြီးနဲ့ ရေတိမ်နစ်နေချိန်မှာ ကောက်ရိုးတစ်မျှင်လို့ပြောရမယ်။ Silver Egg App လုပ်ချိန်မှာ အားကိုးတကြီးသွားတွေ့ဖြစ်တယ်။ သူတို့ Plan ကြည့်တော့ အရမ်းကောင်းလို့ ကျွန်တော် ၂ကားကို အပ်လိုက်တာပါ”လို့ သူက ဆက်ပြောပါတယ်။

“ကျိန်စာသင့် နတ်သုဒ္ဓါ”ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေ ဖြစ်တဲ့ နေထက်လင်း၊ ဘုန်းလျှံ ၊ နေရဲ ၊ ဘရန်ဒိုလီ ၊ လင်းအောင်ခေတ် ၊ နေနော် ၊ မိုးဒီ ၊ တိမ်ညွှန့် ၊ ကောင်းစံ ၊ အကယ်ဒမီ ခိုင်နှင်းဝေ ၊ ရွှေသမီး ၊ ဟန်နီချို (Miss Universe) ၊ မာဂရက် ၊ ဝါဝါမေမောင် စတဲ့အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

လက်ရှိအချိန်မှာ လူ ၃သောင်းကျော်နီးပါး Silver Egg App ကိုကြည့်ရှုနေပြီဖြစ်သလို အဆိုပါ App ကနေ အချိန် ၄ နာရီစာရှိ အပိုင်း ၁၅ ပိုင်းပါဝင်တဲ့ “သင်တုန်းဓား” ဇာတ်ကားကိုလည်း ဆက်လက် ပြသမှာဖြစ်ပြီး ကျိန်စာသင့် နတ်သုဒ္ဓါ ဇာတ်ကားက ရရှိလာတဲ့ ငွေကြေးနဲ့ “ပုလင်းကွဲ” ဇာတ်ကားကို ဆက်လက်ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

