ဓာတ်ပုံ -သန္တိသုခလူမှုကူညီရေးအသင်း
၁၇. ၆. ၂၀၂၃
Written by Hey Mar
လွန်ခဲ့သည့် နှစ်လနီးပါးခန့်ကတည်းက ဆွဲကြိုးချသေဆုံးခဲ့သည်ဟု ယူဆရသော အမျိုးသားရုပ်အလောင်းအား ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာ၊ ဦးနှောက်ဂူ(သုံးထပ်ရေတံခွန်)အနီးတွင် ယနေ့ ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ရကြောင်း ပြင်ဦးလွင်အခြေစိုက် ပရဟိတအသင်းမှ သိရသည်။

ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ၊ ပွဲကောက်ကျေးရွာ၊ ဦးနှောက်ဂူအနီး တောတွင်းတစ်နေရာရှိ လုံးပတ် ပင်စည် ၁၁ လက်မခန့်ရှိပြီး အမြင့် ၁၅ ပေနီးပါးအပင်တွင် ဆွဲကြိုးချ သေဆုံးနေသော ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့ရှိရသဖြင့် ဒေသခံများက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း၊ တာဝန်ရှိသူများမှ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ပရဟိတအသင်းကို ရုပ်အလောင်းသယ်ရန် အကူအညီတောင်းသဖြင့် သွားရောက်ကူညီ သယ်ဆောင်ပေးခဲ့ကြောင်းသိရသည်။

ပုပ်ပွကာ တချို့တစ်ဝက် အရိုးကျနေသည့် အဆိုပါ ရုပ်အလောင်းအား သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်ဖြင့် ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ -သန္တိသုခလူမှုကူညီရေးအသင်း






