၇. ၆. ၂၀၂၃
Written by Peya
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် မိုးရွာပြီး လမ်းချော်သည့်အတွက် ကားနှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာမှ တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ဇွန်လ ၇ ရက် နံနက်ပိုင်း ၁၀ နာရီအချိန်က လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာလမ်းမတွင် ၁၂ ပေ Canter ယာဉ် နှင့် Hijet ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ပြီး လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသထားရကြောင်း ၎င်းက ဆိုသည်။
“ကုန်းဆွတ်ရွာနားမှာ ကုန်းဆင်းရှိတယ်။ အဆင်းကတော့ အရမ်းကြီး မမတ်ဘူး။ ဒါပေမယ့် လမ်းနည်းနည်း ရှည်တယ်။ မိုးရွာနေတော့ အတက်အဆင်းမှာ ဘီးချော်ပြီးတော့ တိုက်တာပါ။ (ဘယ်ကားက အတက်၊ ဘယ်ကားက အဆင်းဆိုတာကို) အဲ့ဒါ မသိရသေးဘူး။ လူနာကလည်း ကောင်းကောင်းသတိမလည်သေးဘူးလေ။ ကျန်တဲ့ လူနာတွေကလည်း ဆေးရုံအထဲထိ ရောက်သွားတော့ မသိရသေးဘူး။ Hijet ကားမှာ လူများပါတယ်။ အဲ့ဒီကားက ခရီးသည်တင်ကား မဟုတ်ဘူး။ လူနာတွေကလည်း ဘယ်သူက ဘယ်ကလဲ ဆိုတာ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အသက် ၄၄ နှစ်အရွယ် အမျိုးသားမှာ အတွင်းဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ပြီး နားအတွင်းက သွေးယိုကြောင်း တွေ့ရကာ ကျန် ဒဏ်ရာရသူ ၃ ဦးတွင် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးမှာ နှုတ်ခမ်းကွဲ၊ ရင်ဘတ်အောင့် ဒဏ်ရာ၊ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးမှာ ဝဲမျက်ရိုး ပွန်းဒဏ်ရာ၊ ဝဲဘက်ခြမ်း ခါးထိ၊ ယာဘက်လက် ထိခိုက်ဒဏ်ရာ၊ အသက် ၂၇ နှစ်အရွယ် အမျိုးသားမှာ ယာဘက် ဦးခေါင်းချိုစောင်းတွင် ပေါက်ပြဲဒဏ်ရာရပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။


