၁. ၆. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရက်စနိုမြို့ရှိ Tasty Thai အမည်ရှိ ထိုင်းအစားအသောက်များရောင်းချသော စားသောက်ဆိုင်တစ်ဆိုင်မှာ ဆိုင်ပိုင်ရှင်များအား အသက်အန္တရာယ်ခြိမ်းခြောက်မှုများပြုလာသည်အထိ ကြုံတွေ့ရပြီးနောက် စားသောက်ဆိုင်အား မေလ ၃၀ ရက်က ပိတ်ခဲ့ကြရကြောင်း သိရသည်။
Tasty Thai စားသောက်ဆိုင်က ဖွင့်လှစ်သည်မှာခြောက်လခန့်သာရှိသေးပြီး ဆိုင်က စားသုံးသူများအား ခွေးသားဖြင့် ဟင်းလျာများချက်ပြုတ်ရောင်းချနေသည်ဟု အွန်လိုင်းစာမျက်နှာများတွင် မဟုတ်မမှန် ရေးသားချက်များ ရှိလာခဲ့သည်။ အဆိုပါရေးသားချက်များက မေလထဲတွင်စတင်လာခဲ့ပြီး Maria Alvarez Garcia အမည်ရှိ အမျိုးသမီးတစ်ဦးက စားသောက်ဆိုင်နှင့်ကပ်ရပ် အိမ်တွင် ကြိုးဖြင့်ချည်ထားသော ခွေးတစ်ကောင်၏ ဗီဒီယိုကို အွန်လိုင်းပေါ် တင်ခဲ့သည်။ ၎င်းက ထိုခွေး၏ရှေ့ခြေဖဝါးများကို ပူးချည်ထားကာ ခွေးမှာအကြမ်းပတမ်းနှိပ်စက်ခံထားရပုံရကြောင်းလည်း ပြောခဲ့သည်။
ထို့နောက်တွင် Garcia က ထိုဆိုင်၌ ခွေးသားဟင်းများကို စားသုံးသူများအတွက် ချက်ပြုတ်ရောင်းချနေကြောင်း စွပ်စွဲထားသည့် ဗီဒီယိုများကို အွန်လိုင်းတွင် တင်လာခဲ့သည်။ ဖရက်စနိုမြို့ ရဲတပ်ဖွဲ့က အဆိုပါစားသောက်ဆိုင်ပိုင်ရှင် အာရှတိုက်သားမိသားစုပိုင်သည့် ထိုခွေးကိုသွားရောက်စစ်ဆေးခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့က ခွေးမှာနှိပ်စက်ညှင်းပန်းခံထားရခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
စားသောက်ဆိုင်က ခွေးသားများချက်ပြုတ်ရောင်းချနေသည်ဟု ခိုင်မာသောအထောက်အထားများ မရှိခဲ့သော်လည်း ဆိုင်ပိုင်ရှင်မိသားစုမှာ ၎င်းတို့အပေါ် အသက်ဘေးခြိမ်းခြောက်မှုများနှင့် အခြားသော မကောင်းမြင်သုံးသပ်ချက်များ၊ ဝေဖန်ပြောကြားချက်များကို Google နှင့် Yelp.com စာမျက်နှာများတွင်ပါ တွေ့လာခဲ့ရသည်။
ဆိုင်ပိုင်ရှင် David Rasavong က “ကျွန်တော်တို့ဆိုင်မှာ ဘယ်ခွေးသားဟင်းမှ ချက်မရောင်းပါဘူး။ ဒါဟာ တကယ်တော့ ဆိုင်ပိုင်ရှင် ကျွန်တော်တို့မိသားစုက အာရှတိုက်သားတွေဖြစ်နေလို့ လူမျိုးခွဲခြားရေးဝါဒီတွေက တမင်သက်သက် လုပ်ကြံဖန်တီးတိုက်ခိုက်တာပါပဲ။ ကျွန်တော်တို့အနေနဲ့တော့ မိသားစုအသက်ဘေးအတွက် ဒီဆိုင်ကိုပိတ်ရမှာပါ။ ဒါပေမယ့် ဆိုင်နေရာပြောင်းပြီး Tasty Thai ဆိုင်အသစ်တစ်ခု ထပ်မံဖွင့်သွားဖို့ စိတ်ကူးပါတယ်” ဟု ပြောခဲ့သည်။
Ref—–Laotine Times