March 29, 2024

၁. ၆. ၂၀၂၃
Written by Thettant

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေအဖြစ် တောင်သူတစ်ဦးလျှင် အများဆုံးကျပ်သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့တစ်ခုလျှင် ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ်ငန်းသုံး ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်များ ဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် အရင်းအနှီးလိုအပ်ချက်ရှိသူ တောင်သူဦးကြီးများသို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေများကို ၁ နှစ်လျှင် အတိုးနှုန်း ၅% ဖြင့် ထုတ်ချေးပေးလျက်ရှိသည်။

ချေးငွေပမာဏမှာ တောင်သူတစ်ဦးချင်းအတွက် အများဆုံး ကျပ်သိန်း ၇၀၀၊ တောင်သူအစု အဖွဲ့(၁)ဖွဲ့အတွက် အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ရယူထုတ်ချေးနိုင်ပြီး တောင်သူစိတ်ကြိုက် ဝယ်ယူလိုသည့် လယ်ယာသုံးစက်ကိရိယာများကို စက်ကိရိယာအရောင်းပြခန်း ကုမ္ပဏီများထဲတွင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ ချေးငွေပေးဆပ်ရာတွင် ထော်လာဂျီ၊ လက်တွန်းထွန်စက်ချေးငွေအတွက် ၃ နှစ် ၃ ရစ်၊ အဆိုပါစက်များမှအပ ကျန်စက်ကိရိယာများအတွက် ၅ နှစ် ၅ ရစ် ပေးဆပ်သည့်စနစ် ဖြစ်သည်။

ချေးငွေရယူလိုသော တောင်သူဦးကြီးများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်၍ ချေးငွေအတွက် တင်သွင်းရမည့် အာမခံနှင့် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို စုံစမ်းမေးမြန်းပြီး ချေးငွေလျှောက်ထားရယူနိုင်ကြောင်း အသိပေးကြေညာထားသည်။

ချေးငွေနှင့်စပ်လျဉ်း၍ သိရှိလိုပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၏ လိပ်စာ၊ အမှတ် ၂၆/၄၂၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း- ၀၁၈၃၉၁၂၃၅ သိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *