ယနေ့ နံနက် ၁၁ နာရီခန့်က YBS-85 စီးနင်းသူများကို တွေ့ရစဥ်

၁၈. ၁၀. ၂၀၂၂

Written by Hey Mar

CNG အခက်အခဲကြောင့် အများပြည်သုံးယာဥ်လိုင်းများတွင် နေ့စဥ်ပြေးဆွဲနေသည့် YBS ယာဥ်လိုင်းပေါင်းစုံမှ ယာဉ်အစီးရေ ၁၀၀ ဝန်းကျင်ခန့် ပြေးဆွဲမှုလျော့ကျနေကြောင်း YBS ယာဉ်မောင်းများနှင့် YRTC (ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ) ၏ နေ့စဥ်ထုတ်ပြန်သည့် စာရင်ဇယားများအရ သိရသည်။

CNG လေပေါင်ချိန် မပြည့်သည့်ဖြစ်ရပ်များနှင့် ဆိုင်များတွင် ဝန်ဆောင်မှုပေးချိန် ကြာမြင့်မှုများကြောင့် ဆိုင်များတွင် ကားတန်းရှည်များဖြင့် အချိန်ပေးစောင့်ဆိုင်းရကြောင်း ဆူးလေမှ မြောက်ဥက္ကလာသို့ နေ့စဥ်ပြေးဆွဲနေသည့် ယာဥ်မောင်းတစ်ဦးက ပြောသည်။

“ဒီရက်ပိုင်းမှာ ကားတွေလည်း လူတွေ တအားကျပ်မှာပဲ။ ဘာလို့လဲဆို CNG တန်းစီရတာနဲ့ တချို့ ကားက ထွက်မရဘူး။ ည ၁၂နာရီ ၁ ချက်အထိ စောင့်ပြီး ဖြည့်ရတာ။ ဖြည့်ပြီးလို့ ထွက်လို့ရတဲ့ ကားတွေကြတော့လည်း အိုးတွေ လေပေါင်မပြည့်ဘူး။ ၉၀ လီတာအိုးဆို ကျွန်တော့်အထင် ၇၀ လောက်ပဲ ရတယ်ထင်တယ်။ Gas စျေးမတက်ဘူး။ လေပေါင်မပြည့်တာ။ အဲဒီတော့ အရင်က တစ်နေ့ ၂ ကြိမ်လောက် ထည့်ရတာကနေ အခု ၃ ကြိမ်လောက် ထည့်ရတယ်။ ဆိုင်မှာ ကားက ပုံနေတော့ စောင့်ရတယ်။ ယာဥ်မောင်းတွေလည်း ယာဥ်လိုင်းတွေမှာ ခေါက်ရေမပြည့်တော့ဘူး။ ပြဿနာတွေက လည်နေတာ” ဟု သူကြုံတွေ့ရသည်ကို MT News သို့ပြောသည်။

CNG ထည့်ရသည့် အခက်အခဲကြောင့် ယာဥ်လိုင်းအများစု ခေါက်ရေကို လျှော့ချပြေးဆွဲရသည့်အခါ မှတ်တိုင်များတွင် လူများပြီး ကားမရှိဖြစ်နေသည်။ တစ်စီးနှင့်တစ်စီး ယခင် ၁၅ မိနစ်သာခြား၍ ဂိတ်မှထွက်ခွာပေးသော်လည်း ယခုအခါ နာရီဝက်နှင့် ၄၅ မိနစ်ခန့် ကြာမြင့်လာသည့်အတွက် ခရီးသည်များလည်း ရုံးချိန်အတွင်းလာသည့်ကားကို အလွတ်မခံနိုင်သဖြင့် တိုးဝှေ့ စီးကြရသဖြင့် ယာဉ်များတွင် ခရီးသည်ကျပ်တောက်နေပြီး ခါးပိုက်နှိုက်အန္တရာယ်နှင့် လိင်ပိုင်းဆိုင်ရာထိပါးခံရမှုများ ပိုမိုကြုံတွေ့နေကြောင်းလည်း သိရသည်။

“ကားကျပ်လို့ဆိုပြီး နောက်ကားမစောင့်ရဲဘူး။ ကိုယ့်ရှေ့ ရောက်လာတဲ့ကားပေါ် ပါအောင်ပဲ အရတက်ရတယ်။ မနက်ပိုင်း ကားရှားပြီး ရုံးနောက်ကျတာ ပြဿနာပေမယ့် ညနေပိုင်း ၅ နာရီနောက်ပိုင်း မြောက်ဥက္ကလာ ခေမာသီကားတွေ မထွက်တော့တာက ပိုပြဿနာရှိတယ်။ လမ်းလျှောက်ရပြန်တော့လဲ ခေတ်ကာလအရ မလုံခြုံမှုတွေနဲ့ဆိုတော့ အိမ်စောစော ပြန်ရောက်တာက အန္တရာယ် အကင်းဆုံးပဲ” ဟု မြောက်ဥက္ကလာပမှ ရန်ကုန်မြို့ထဲသို့ နေ့စဥ် YBS စီး၍ အလုပ်တက်သူ အမျိုးသမီးငယ် တစ်ဦးကလည်း ဆိုသည်။

YRTC မှ နေ့စဥ် ကားအစီးရေ ၃ ထောင်ကျော်ပြေးဆွဲပေးလျှက်ရှိပြီး ခရီးသည် ၁ ဒသမ ၃ သန်း ဝန်းကျင် နေ့စဉ်စီးနင်းလိုက်ပါလျှက်ရှိသည်။ အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အတွင်း ပျမ်းမျှကားအစီးရေ ၁၀၀ ဝန်းကျင်ခန့် ပုံမှန်ပြေးဆွဲရာမှ လျှော့ကျလာသည်ကိုလည်း YRTC ၏ ထုတ်ပြန်ချက်များအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *