၂၇. ၅. ၂၀၂၃
Written by Nyein Kyaw

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်တွင် ရက်အလိုက်ကျောင်းအပ်နှံမှု ပိုမိုများလာ၍ လေးရက်အတွင်း ကျောင်းအပ်နှံသူ ကလေးငယ် ၁၂ သန်းခွဲကျော်ရှိလာကြောင်း မေလ ၂၆ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ မေလ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၃ ရက်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။

ယင်းကဲ့သို့ ဆောင်ရွက်စဥ်အတွင်း အချို့သောကျောင်းများရှိ အလယ်တန်းပြနှင့် အထက်တန်းပြ ဆရာ/ဆရာမများ သင်တန်းတက်‌ရောက်နေရသဖြင့် အဆိုပါကျောင်းများတွင် မူလတန်း ကျောင်းသား/ကျောင်းသူများကိုသာ စတင်ကျောင်းအပ်လက်ခံနိုင်သေးပြီး အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ကျောင်းသူများကို မေလ ၂၅ ရက်မှကျောင်းအပ်လက်ခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ စတင်ကျောင်အပ်နှံသည့် မေလ ၂၃ ရက်တွင် ကျောင်းအပ်နှံသူ ၁,၃၄၃,၀၃၇ ဦး (၁ ဒသမ ၃ သန်းကျော်)သာရှိသော်လည်း မေလ ၂၄ ရက်တွင် ကျောင်းအပ်နှံသူ ၂,၇၃၀,၃၂၃ ( ၂ ဒသမ ၇ သန်းကျော်သာရှိခဲ့ပြီး အခြေခံကျောင်းများတွင် အတန်းပေါင်းစုံကျောင်းအပ်နှံမှုများ ဆောင်ရွက်နိုင်ခဲ့သည့် မေလ ၂၅ ရက်တွင် တစ်ရက်အတွင်း ကျောင်းအပ်နှံသူ ၃,၇၅၃,၄၉၁ (၃ ဒသမ ၇ သန်းကျော်)နှင့် မေလ ၂၆ ရက်တွင် တစ်ရက်အတွင်း ကျောင်းအပ်နှံသူ ၄,၇၆၀,၆၄၂ (၄ ဒသမ ၇ သန်းကျော်) အထိရှိခဲ့သည်။

ယင်းကဲ့သို့ ရက်အလိုက် ကျောင်းအပ်နှံမှုတိုးတက်လာခဲ့၍ ကျောင်းအပ်နှံရေးသီတင်းပတ် လေးရက်အတွင်း ကျောင်းအပ်နှံသူစုစုပေါင်း ၁၂,၅၈၇,၄၉၃ ( ၁၂ ဒသမ ၅ သန်းကျော်) အထိရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *