၁၇. ၁၀. ၂၀၂၂

Written by Nay Moe

မဟာပဋ္ဌာန်းရွတ်ဖတ်ရန်သွားရောက်သည့် ပခုက္ကူ မဟာဝိသုတာရာမတိုက်မှ ယာဥ်အား PDF များက မိုင်းခွဲကာ ပစ်ခတ်တိုက်ခိုက်သဖြင့် သံဃာသုံးပါး ဒဏ်ရာရကာ တစ်ပါး ပျံလွန်တော်မူခဲ့မှု အောက်တိုဘာ ၁၆ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇိနသုခစေတီတော် နဂါးရုံဘုရားများနှင့် ရှစ်မျက်နှာဘုရားများ ဗုဒ္ဓပူဇနိယပွဲတော် မဟာပဋ္ဌာန်းရွတ်ဖတ်ပူ​ဇော်ပွဲသို့ သွားရောက်သည့် မဟာဝိသုတာရာမကျောင်းတိုက် အလယ်တိုက် သာသနာ့ဝံသကျောင်းမှ ဆရာတော်လေးပါးစီးနင်းလိုက်ပါလာသည့် ယာဥ်အား ပခုက္ကူ- ဆိပ်ဖြူကားလမ်း ပခုက္ကူ ညောင်လှရွာအဝင် ရေကျော်အနားတွင် ညနေ ၆ နာရီခန့်က PDF များမှ မိုင်းခွဲကာ ကားရပ်သွားချိန်တွင် ရှေ့တည့်တည့်မှ သေနတ်ဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားက စာချဆရာတော်ရဲ့ကား။ ပဋ္ဌာန်းရွတ်ဖို့အသွားမှာ မှန်မချလို့ဆိုပြီး သေနတ်နဲ့ပစ် မိုင်းခွဲကြတာ။ အခုတော့ သံဃာတော်တွေ ပျံလွန်တယ်ဆိုမှ ကားအနက်လာမယ် သတင်းရထားလို့ တိုက်ခိုက်တာပါဆိုပြီး ပြောနေကြတာပေါ့” ဟု ပခုက္ကူမြို့ခံဆရာတော်တစ်ပါးက မိန့်ကြားသည်။

အဆိုပါဖြစ်စဥ်တွင် သာသနာ့ယာဥ်အား PDF များ မိုင်းခွဲတိုက်ခိုက်ခဲ့သည့်နေရာတွင် မိုင်းတစ်လုံးခွဲသွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်း ၁၀ လုံးတူးဖော်ရှင်းလင်းခဲ့ရသည်။ PDF များ မိုင်းခွဲကာ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆရာတော်ဦးနန္ဒာစရိယမှာ နေရာတွင်ပင် ပျံလွန်တော်မူသည့်အပြင် တစ်ပါးမှာ စိုးရိမ်ရဒဏ်ရာများရရှိကာ နှစ်ပါးမှာလည်း မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *