မီးကြိုးများ မီတာဘောက်စ်များ ပြန်လည်ဖြုတ်ရန် လုပ်ဆောင်နေမှုကို တွေ့ရစဥ်

၁၇.၁၀. ၂၀၂၂

Written by Thi Ha

ပုဂံဘုရားများ၏ ဘုရားအတွင်းပိုင်း မီးရရှိရေးအတွက် တပ်ဆင်အသုံးပြုနေသော မီတာဘောက်စ်များ၊ မီးကြိုးများသည် ရှေးဟောင်းဘုရားများ၏ ကြံ့ခိုင်မှုအပိုင်း ထူးထူးခြားခြား ထိခိုက်စေခြင်းမရှိစေကာမူ အမြင်အားဖြင့် ရှေးဟောင်းဘုရားနှင့် ပသာဒ မဖြစ်သည့်အတွက် ပြန်လည်ဖြုတ်ချပြီး အခြားနည်းဖြင့် မီးပေးနိုင်ရေး စီစဥ်ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနဌာန၊ ပြုပြင်ထိန်းသိမ်းရေးဌာနစု၊ ပုဂံဌာနခွဲ တာဝန်ရှိသူထံမှ သိရသည်။

ပုဂံဘုရားများ တည်ထားသည့် ပုံစံများမှာ ဂူဘုရားများဖြစ်သည့်အပြင် တစ်ဆူနှင့်တစ်ဆူမှာ လှမ်းနေခြင်း၊ ကွင်းပြင်ကျယ်များနှင့် လူသွားလာမှု ပြတ်လပ်မှုရှိခြင်း စသည့် အကြောင်းအရာများကြောင့် ၁၀ စုနှစ်တစ်ခုကျော်ကြာ လျှပ်စစ်မီးများ သွယ်တန်း အသုံးပြုခဲ့ကြသည်။

ရှေးဟောင်းအမွေအနှစ်ကို တန်ဖိုးထားချစ်မြတ်နိုးသူများက လျှပ်စစ်မီးပူဇော်ရာတွင် ဝါယာရှော့ခ်ဖြစ်ပြီး ပုထိုးများ မီးသင့်မည့် အန္တရာယ်ဖြစ်စေနိုင်ခြင်း၊ မီတာဘောက်စ်များနှင့် ဝါယာကြိုးများကို နံရံများတွင် ကပ်ရိုက်တပ်ဆင်ခြင်းဖြင့် ပုထိုးများ၏ အုတ်အင်္ဂတေများ ပဲ့ထွက်ခြင်း စသည်ဖြင့် ထောက်ပြဝေဖန်အကြံပေးမှုများလည်း ပုဂံဒေသ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ရှေးဟောင်းယဥ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ပြီးနောက်ပိုင်း ကျယ်ကျယ်လောင်လောင် ရှိလာသည်ကို တွေ့မြင်ရသည်။

ရှေးဟောင်းသုတေသနဌာန၊ ပြုပြင်ထိန်းသိမ်းရေးဌာနစု၊ ပုဂံဌာနခွဲ တာဝန်ရှိသူက “အမြင်မလှမပ ဖြစ်ရတာတွေ၊ မီးကြိုးတွေ၊ ဘုရားပရဝုဏ်မှာ ရှုပ်ယှက်ခတ်နေတာတွေက ရှေးဟောင်းယဥ်ကျေးမှုနယ်မြေမှာ မျက်စိပသာဒ မဖြစ်စေလို့ ဒါတွေကို ဖြုတ်ပစ်တော့မှာပါ။ ပြီးရင် ဆိုလာစနစ်နဲ့ တပ်ဆင်မီးပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမှာပါ။ ပြုပြင်ထိန်းသိမ်းရေးပိုင်းအနေနဲ့ ပုဂံဒေသကို နယ်မြေ ၁၁ ခု ပိုင်းခြားပြီး လစဥ် ကွင်းဆင်းဆောင်ရွက်မှုတွေနဲ့ စောင့်ကြည့်ပြုပြင်ထိန်းသိမ်းလျှက်ရှိပါတယ်” ဟု MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *