၂၀၁၈ ခုနှစ်က ပြုလုပ်သည့် Myanmar Motor Show ပြပွဲတစ်ခုတွင် ပြသထားသည့် Brand New ကားတစ်စီးအား တွေ့မြင်ရစဉ်

MT News

Written By A Thaung

ကားသစ်များရောင်းချသည့် ဈေးနှုန်းများအား Agent များဘက်မှ သိန်းရာချီ တိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက်ခြင်းကြောင့် Dealer ယူထားသည့် Showroom များရောင်းအားကျဆင်းလာပြီး အချို့ Showroom များမှာ ယာယီအရောင်းရပ်နားထားကြောင်း မော်တော်ကားသစ်ရောင်းချနေသည့် လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

အမေရိကန်ဒေါ်လာဈေး မြင့်တက်လာပြီးနောက် သြဂုတ်လအတွင်း ကားသစ်ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်လိုက်သဖြင့် အဝယ်ရပ်သွားပြီး ဈေးပြန်ကျမည့်အချိန်ကို စောင့်နေကြကြောင်း တရုတ်နိုင်ငံထုတ်ကားသစ် ရောင်းချနေသည့် Showroom ပိုင်ရှင်တစ်ဦးက MT News ကို အတည်ပြုပြောဆိုသည်။

“ဈေးတက်နေတုန်းကတော့ အဝယ်လေးလိုက်လာတယ်။ နောက်တော့ Agent က ဈေးကိုတိုးသတ်မှတ်လိုက်တော့ အဝယ်က ရပ်သွားတယ်။ လာမယ့် ဆယ်လရင်းကုန်ရင်တော့ ဈေးပြန်ပြင်မယ်လို့တော့ ပြောတယ်။ အဲဒီအချိန်ကျရင်တော့ ဈေးပြန်ကျလာပြီး အဝယ်ပြန်ဖြစ်မယ့် သဘောတော့ရှိတာပေါ့နော်။ အခုဈေးနှုန်းက ဖြစ်သင့်တဲ့ဈေးနှုန်းမဟုတ်တော့ အရောင်းအဝယ်က မဖြစ်တော့ဘူး” ဟု ၎င်းကပြောသည်။

MT News ကဈေးကွက်အတွင်းလိုက်လံစုံစမ်းကြည့်ရာတွင် ပြည်တွင်း၌ရောင်းချရန် ကားရှိနေသည့် မော်တော်ကားအမှတ်တံဆိပ်များအားလုံးနီးပါး ဈေးနှုန်းတိုးမြှင့် ပြင်ဆင်သတ်မှတ်ထားကြောင်း သိရသည်။

သြဂုတ်လမတိုင်မီက တစ်စီးလျှင် ကျပ်သိန်း ၅၉၀ ဖြင့်ရောင်းချနေသည့် တရုတ်နိုင်ငံထုတ် Brand New ကားသစ်တစ်စီးမှာ ယခုအခါတွင် ကျပ်သိန်း ၇၀၀ ဖြင့် အရောင်းဈေးနှုန်းဖွင့်ထားပြီး ဥရောပထုတ် လူကြိုက်များသည့် ကားအမှတ်တံဆိပ်တစ်ခုမှာလည်း ယခင်ကရောင်းချနေသည့်စျေးနှုန်းထက် ကျပ်သိန်း ၃၀၀ နီးပါး အရောင်းဈေးနှုန်း တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။

ကားဟောင်းဝယ်ရောင်းဈေးကွက်တွင်လည်း အမြင့်ဈေးဖြင့်ဝယ်ယူထားပြီး အရောင်းမထွက်သေးသည့်ကားများရှိနေပြီး အဝယ်ရပ်နေကြောင်း ဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

အမေရိကန်ဒေါ်လာဈေးနှုန်းမတည်ငြိမ်မှုများကြောင့် မော်တော်ကားအရောင်းအဝယ်ဈေးကွက်ပျက်နေသည်မှာ နှစ်လနီးပါးရှိလာပြီး လာမည့်နှစ်တွင် ပြန်လည်တည်ငြိမ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ချက်များ ရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *