◾ အ‌ခြေခံလူတန်းစား အားကိုးရာဖြစ်နေဆဲ လှိုင်သာယာ အောင် ဘကကျောင်းရဲ့ ကျောင်းအပ်လက်ခံမှုမြင်ကွင်းများ

MT News

Written & Photo by Haymar၊ Thandar

ပိုက်ဆံရှိတဲ့ မိဘတွေက International School တွေ၊ အလယ်အလတ်ကြွယ်ဝသူတွေက ကိုယ်ပိုင်ကျောင်းတွေ၊ သာမန်လူတန်းစားတွေက အစိုးရကျောင်းတွေ အပြိုင်အဆိုင်ထားနေချိန်မှာ နွမ်းပါးတဲ့ အခြေခံလူတန်းစားတွေကတော့ ကျောင်းသွားတဲ့ သားသမီးအတွက် နေရေးစားရေးပူပန်စရာမလိုတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ အားထားရပါတယ်။

ဒီပုံတွေရဲ့ မြင်ကွင်းဟာ အခြေခံလူတန်းစားတွေ သားငယ်၊ သမီးငယ်ကို မတတ်နိုင်ရင် သေစာရှင်စာရေးတတ်အောင် တတ်နိုင်လို့ အဆင်ပြေလာရင် ပညာတတ်ကြီးဖြစ်အောင် မိဘကုန်ကျစရိတ်အနည်းဆုံးနဲ့ အခမဲ့ပျိုးထောင်ပေးရာ လှိုင်သာယာမြို့နယ် (၃) ထိပ်က အောင်ပရဟိတဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ ဒီနေ့ မေလ ၂၃ ရက် နံနက်ပိုင်းက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံပေးနေတဲ့ မြင်ကွင်းတွေပါ။

လှိုင်သာယာမြို့နယ်ဟာ ရွှေ့ပြောင်းနေထိုင်သူ အခြေခံလူတန်းစား အများဆုံးနေထိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပြီး ဘကဘုန်း‌တော်ကြီးသင် ပညာရေးကျောင်းတွေကလည်း ရွှေ့ပြောင်းအခြေချသူ့တို့ သားသမီးတွေ ပညာရေးအတွက် အဓိက အားထားရာ တစ်ခုလည်းဖြစ်ပါတယ်။

အောင်ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဟာ အလယ်တန်းအဆင့်အထိ ပညာ‌သင်ကြားပေးနေတဲ့ ကျောင်းတစ်ခုဖြစ်ပြီး ဒီနေ့ ကျောင်းအပ်လက်ခံရာမှာလည်း အစိုးရသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ကျောင်းအပ်လက်ခံနေတာဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေဟာ ရင်သွေးငယ်ပညာတတ်ဖို့ ဘကကျောင်းတွေ အားပြုနေရပေမဲ့လည်း ရှုပ်ထွေးနေတဲ့ နိုင်ငံရေး၊ ကျပ်တည်းနေတဲ့ စီးပွားရေးနဲ့ လှုသူတန်းသူဟာ ဒလန်၊ သူ့ဘက်က ဘုန်းကြီး၊ ငါ့ဘက်ကဘုန်းကြီးဆိုတဲ့ အပြန်အလှန်ပုပ်ခတ်မှုတွေကြားမှာ လှုသူတန်းသူလည်း လျော့ကျလာနေတယ်လို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအသိုင်းအဝိုင်းတွေမှာလည်း ကြားသိနေရတာမို့လို့ အခြေခံလူတန်းစားတွေ အားပြုရာ ဘကကျောင်းတွေ အဓွန့်ရှည်ပါစေလို့သာ….။

Leave a Reply

Your email address will not be published. Required fields are marked *