၂၄. ၅. ၂၀၂၃
Written by Nay Moe
CDM ဝင်သွားသော ဗိုလ်ကြီးတစ်ဦးအပါအဝင် ရဲဘော် ၇ ဦးကို သူလျှိုဟုဆိုကာ KIA နှင့် PMSAB တို့ ပူးပေါင်းဖမ်းဆီးထားသည်ဟု CDM စစ်ဗိုလ်များနှင့် WOLF က ပြောသည်။
NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်များက တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များကို CDM လုပ်ရန် မကြာခဏ စွဲဆောင်သော်လည်း ယုံစား၍ CDM လုပ်သွားသူများမှာ သူလျှိုဟုဆိုကာ ဖမ်းဆီးခံရခြင်း၊ ဒလန်ဟုဆိုကာ သတ်ဖြတ်ခံရခြင်းများ မကြာခဏဖြစ်ပွားလာပြီးနောက်တွင် ယခုဖြစ်စဥ်မှာ လူသိထင်ရှားဖြစ်လာကာ CDM စစ်ဗိုလ်များက NUG နှင့် KIA ကို စုံစမ်းဖြေရှင်းပေးရန် တောင်းဆိုလာကြခြင်းလည်းဖြစ်သည်။
အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး CDM စစ်ဗိုလ် Nyi Thuta ၏ Facebook Page တွင် ” ၂၀၂၁ အစောပိုင်းမှစပြီး CDM ဝင်ခဲ့သော CDM ဗိုလ်ကြီးတစ်ဦးအပါအဝင် ရဲဘော် ၇ ဦးအား KIA နယ်မြေတွင် သူလျှိုအဖြစ် ၁ လကျော်ကြာ စွပ်စွဲဖမ်းဆီးခံထားရမှုအား ပွင့်လင်းမြင်သာစွာ စုံစမ်းဖြေရှင်းပေးပါရန် KIA တပ်မတော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအား တောင်းဆိုအပ်ပါသည်” ဟု ရေးသားထားပြီး ထိုတောင်းဆိုမှုကို CDM တပ်မတော်သားများဖြစ်သော ညီသုတ (ဗိုလ်ကြီး) ၊ လင်းထက်အောင် (ဗိုလ်ကြီး) ၊ Captain Zero နှင့် ပြည်သူ့တပ်မတော်သားများက တောင်းဆိုခြင်းဖြစ်သည်ဟု အမည်တပ်ဖော်ပြထားသည်။
ဖမ်းဆီးခံရသော CDM ဗိုလ်ကြီးအပါအဝင်ရဲဘော် ၇ ဦးမှာ Warriors of Liberation Force (WOLF) မှ တပ်ရင်းမှူး ဗိုလ်ဆိုင်ဂုံနှင့် ရဲဘော်တာဝန်ယူထားသူများဖြစ်ပြီး ၎င်းတို့ကို KIA ၏ G1 အရာရှိတစ်ဦးနှင့် ပြည်သူ့စစ်မဟာဗျုဟာအကြံပေးဗျုရို(PMSAB) လက်အောက်ခံ စစ်ဒေသ (၄၀၄) ပူးပေါင်းကာ ၄၃ ရက်ကြာဖမ်းဆီးထားကြောင်း WOLF တပ်ဖွဲ့ဝင်များက မေလ ၂၂ ရက်တွင် NUG နှင့် KIA ကို ဆန္ဒပြတောင်းဆိုစဥ် ပြောကြသည်။
ထို့အတူ WOLF အနေဖြင့် CDM ဗိုလ်ဆိုင်ဂုံနှင့် ရဲဘော်များမှာ သူလျှိုမဟုတ်၍ ပြန်လွှတ်ပေးရန်၊ KIA နှင့် စစ်ဒေသ(၄၀၄) က နှုတ်ပိတ်မသတ်ဖြတ်ခင် ဖြေရှင်းပေးရန်လည်း KIA နှင့် NUG ကို မကြာခဏ ဆန္ဒပြနေသည်။
NUG ၏ စာရင်းများအရ CDM ဝင်လာသူ လခရ ၁၀၀၀၀ ကျော် ရှိသည်ဟုဆိုသော်လည်း အများစုမှာ ချုပ်နှောင် ထိန်းသိမ်းခံထားရသည်ဟုလည်း သိရပြီး လွတ်လပ်စွာနေထိုင်သွားလာနိုင်သူမှာ ရာဂဏန်းမျှသာရှိကြောင်းလည်း CDM ပြုလုပ်သွားသူ လခရအချို့ထံမှ စုံစမ်းသိရသည်။



