
MT News
Written by Hey Mar
မေလ ၂၀ ရက် မနက် ၁၀ နာရီခန့်တွင် နေပြည်တော် – ကန်ပြားကားလမ်းမ၊ မြို့သစ်မြို့နယ် မိုင်တိုင် ၂၆ မိုင် ၅ ဖာလုံ ရွှေပန်းတောအနီးတွင် မန္တလာမင်းယာဥ်နှင့် ဟိုက်ဂျက်ယာဥ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိကာ လူ ၅ ဦးသေဆုံးခဲ့ကြောင်း မကွေးမြို့နယ်အခြေစိုက် မြေပြင်ပရဟိတလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌက MT News သို့ ပြောသည်။
ဖြစ်စဥ်မှာ စလင်းမြို့နယ်အပိုင် ရုံးပင်ကန်ရွာမှ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ စုပေါင်းကာဆေးရုံလာပြသည့် ဟိုက်ဂျက်ယာဥ်နှင့် မန္တလာမင်းခရီးသည်ယာဥ်တို့ ကွေ့ကြောတွင် ခေါင်းချင်းဆိုင်တိုက်မိရာမှ ဟိုက်ဂျက်ယာဥ်ငယ်ပေါ်မှ ထိခိုက်သေဆုံးမှု ဖြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြေမြင်လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးဇော်နိုင်က “ဟိုက်ဂျက်ကားက နေပြည်တော်ကနေ ဆေးရုံပြပြီး ပြန်လာတာ။ကားပေါ်မှာ လူ ၁၁ ဦးပါတယ်။ မန္တလာမင်းက ရန်ကုန်သွားတဲ့ကား။ မန္တာလာမင်းပေါ်ကတော့ ဘာမှမဖြစ်ဘူး။ ဟိုက်ဂျက်ယာဥ်ပေါ်မှာက ဖြစ်ဖြစ်ချင်းကို ကျား ၁ ဦး မ ၂ ဦး ဆုံးတယ် ။ နောက် မြို့သစ်ဆေးရုံပို့နေတုန်း လမ်းမှာ မ ၂ ဦး ထပ်ဆုံးတယ်။ ဒဏ်ရာရလူနာ အတော်များတယ်။ ကလေးတစ်ဦး (ကျား)လဲ ပေါင်ကျိုးသွားတယ်”ဟု ဖြစ်စဥ်ကို မျက်မြင်ကြုံခဲ့ရပုံအား ပြောပြသည်။
လူနာများအား မြို့သစ် မနောဖြူအသင်းကား ၂ စီး၊ မကွေးမြို့အခြေစိုက် M-RESCUE မြေပြင်လူမှုကူညီရေးအသင်းကား ၂ စီးနှင့် နေပြည်တော်အခြေစိုက် M-RESCUE ပေးဆပ်သူအသင်းကား ၂ စီး၊ မြတ်စေတနာအသင်း ကား ၁ စီးဖြင့် ပို့ဆောင်ကူညီပေးခဲ့ပြီး သေဆုံးကာ ကားအတွင်းညပ်နေသည့် ရုပ်အလောင်းကို နတ်မောက်မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့် ပရဟိတအသင်းအဖွဲ့များပူးပေါင်းကာ ထုတ်ယူသယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။


