နမ္မတူမြစ်ပေါ် UWSA လုပ်ဆောင်နေသည့် စီမံကိန်းများ၊ လက်နက်ကိုင်များတပ်စွဲထားမှုနှင့် တရုတ်-မြန်မာမီးရထားလမ်း စီမံကိန်း (Photo- SSFIM)
၁၈. ၅. ၂၀၂၃
Written by Nay Moe
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ‘၀’ ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်ပိုင် Natural Current Energy Hydropower Company (NCEH)ကုမ္ပဏီက အငြင်းပွားဖွယ်ရာ နမ္မတူရေကာတာ တည်ဆောက်မှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်ဟု Shan State Frontline Investment Monitor (SSFIM) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသခံလူမှုအသိုင်းအ၀ိုင်း၏ အတိုက်အခံပြုလုပ်မှုများကြား၌ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့၏ မြောက်ဘက် ၂၀ ကီလိုမီတာအကွာရှိ နမ္မတူ/မြစ်ငယ်မြစ်ပေါ်တွင် ‘၀’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)ပိုင် NCEH ကုမ္ပဏီသည် နမ္မတူရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၂ ခုနစ် ဧပြီလ ၂၉ ရက်နေ့ တွင် နေပြည်တော်၌ ဓာတ်အား ၂၁၀ မဂ္ဂဝပ် ထုတ်လုပ်မည့် နမ္မတူ (သီပေါ) ရေကာတာကို ဆောက်လုပ်ရန် UWSA ပိုင် Natural Current Energy Hydropower Company (NCEH) နှင့် လျှပ်စစ်ဓာတ်အားစီမံရေးဦးစီးဌာနတို့အကြား တရား၀င် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ထိုစဉ်ကတည်းက ဒေသခံများသည် ရေကာတာစီမံကိန်းတွင် ကြီးမားသော ဝန်တင်ယာဥ်များ လားရှိုးဘက်မှ ရောက်လာခြင်း၊ မြန်မာစကားမပြောတတ်သော တရုတ်အလုပ်သမား ရာနှင့်ချီဝင်ရောက်လာခြင်း စသည့် ထူးခြားသော လှုပ်ရှားမှုများကို သတိပြုမိခဲ့ကြပြီး ယင်းမှာယခုစီမံကိန်းသည် တရုတ်ကျောထောက်နောက်ခံထားခြင်းဖြစ်သည် ဟူသော ယူဆချက်ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံနေသည်ဟုလည်း SSFIM က စွပ်စွဲသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှု အစီရင်ခံစာ(EIA) မထွက်ရှိသေးဘဲ စီမံကိန်းအတွက် တရားဝင် လုပ်ကိုင်ခွင့် မကျသေးသော ၂၀၁၇ ခုနစ်ကတည်းကပင် NCEH သည် ဆည်တည်ဆောက်ရန် စတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။ နမ္မတူ ရေကာတာစီမံကိန်းအနီးတွင် NCEH မှ လမ်းသစ် ဖောက်လုပ်ခြင်း၊ သစ်တောခုတ်ထွင်ရှင်းလင်းခြင်း ၊ အလုပ်သမားအိမ်ယာ တည်ဆောက်ခြင်းများ ပြုလုပ်နေမှုနှင့် ပတ်သက်ပြီး ဒေသခံလူမှုအဖွဲ့အစည်း တစ်ခုဖြစ်သော ရှမ်းပြည်မြစ်ချောင်းများ ကွန်ယက်မှ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ဖော်တင်ပြခဲ့သည်။
ယခင် NLD အစိုးရဟောင်းလက်ထက်၂၀၁၈-၂၀၁၉ ခုနှစ်တွင် အဆိုပါ တရားမဝင်ဆောက်လုပ်နေသော တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှမ်းအမျိူးသားဒီမိုကရေစီအဖွဲချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ နန်းခမ်းအေးက နေပြည်တော်လွှတ်တော်တွင် တရား၀င်တိုင်ကြားမှုများပြုလုပ်ခဲ့ပြီး နမ္မတူရေကာတာ စီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ သိုသော်လည်း ရေကာတာတည်ဆောက်ရေးအတွက် ပြင်ဆင်နေသော NCEH အပေါ် ပြင်းထန်သောအရေးယူမှု တစ်စုံတစ်ရာ မရှိလာခဲ့ချေ။
ထိုအတူ ၂၀၁၃ ခုနှစ်ကတည်းက NCEH သည် ယင်းတို့၏ Website တွင် ရေအားလျှပ်စစ်စီမံကိန်းများအတွက် “ဒီဇိုင်းရေးဆွဲခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း ၊ အကောင်ထည်ဖော်တည်ဆောက်ခြင်းများ”လုပ်ကိုင်ခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း နမ္မတူရေကာတာစီမံကိန်း နှင့် ပက်သက်သော အချက်အလက်များမှလွဲ၍ အခြားစီမံကိန်းများတွင် ပါ၀င်ထားသော မှတ်တမ်းများမရှိပေ။ ယခု ကုမ္ပဏီအနေနှင့် နမ္မတူရေကာတာစီမံကိန်း ဆောက်လုပ်လွှဲပြောင်းခွင့် ( BOT ) ကို ၂၀၁၄ ကတည်းက MOU သဘောတူချက် ရေးထိုးထားရုံသာမက နမ္မတူရေကာတာမှ ကျောက်မဲမြိုနယ် အထက်ရဲရွာ ရေကာတာအထိ ၄၇ မိုင် ရှည်လျားသော 230 kv ဓါတ်အားလိုင်း သွယ်တန်းမှု BOT ကိုလည်း ရရှိထားသည်ဟုလည်း SSFIM က ဖော်ပြထားသည်။
၂၀၁၈ ခုနှစ်တွင်ထွက်ရှိခဲ့သော My Asia Consulting ၏ EIA အစီရင်ခံစာများအရ နမ္မတူရေကာတာသည် တည်ဆောက်မှု ကုန်ကျစရိတ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၃၆ သန်းခန့် ရှိမည်ဟုသိရသော်လည်း BOT တွင် မည်သည့်သဘောတူညီချက်များ ပါရှိပြီး NCEH အနေဖြင့် အဆိုပါ ကုန်ကျစရိတ်များပြားသော စီမံကိန်းအတွက် ငွေကြးများကိုမည်သို့ရရှိထားပုံကို တရားဝင်ထုတ်ဖော်ထားခြင်းမရှိပေ။
ထို နမ္မတူရေကာတာစီမံကိန်းမှ ၂၁၀ မဂ္ဂါဝပ် ပမာဏရှိသော လျှပ်စစ်ဓာတ်အားများထုတ်လုပ်မည်ဖြစ်ပြီး နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ရန်စီစဥ်ထားသော ရေကာတာစီမံကိန်း ၅ ခုအနက် တတိယမြောက်ရေကာတာဖြစ်သည် ။ နမ္မတူမြစ်အောက်ပိုင်းတွင် တည်ဆောက်နေသော ၇၉၀ မဂ္ဂါဝပ်ရှိ ရဲရွာရေကာတာစီမံကိန်းသည် ၂၀၁၀ ပြည့်နှစ်တွင်ပြီးစီးခဲ့ပြီး ၂၀၀၈ ခုနစ်ကတည်းကတည်ဆောက်နေသော ၂၈၀ မဂ္ဂါဝပ်ရှိ အထက်ရဲရွာရေကာတာမှာမူ ပြီးစီးခြင်းမရှိသေးပေ။
အဆိုပါ နမ္မတူရေကာတာစီမံကိန်းသည် အစကတည်းကပင် လျှို့၀ှက်မှုများစွာရှိနေသည်။ ၂၀၁၄ ခုနှစ် ဧပြီလတွင် ရေးထိုးခဲ့သော မူလ MOU သဘောတူညီချက်မှာ ၁၀၀ မဂ္ဂါ၀ပ် ရေကာတာသာဖြစ်ပြီး ၄င်းပမာဏကို နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC) ၏ မြန်မာနိုင်ငံရေအားလျှပ်စစ်ဆိုင်ရာ မဟာဗျူဟာမြောက်ပတ်၀န်းကျင်အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် My Asia Consulting ၏ EIA စစ်တမ်းမှ ၂၀၁၈ တွင် နမ္မတူဆည်စီမံကိန်းပမာဏသည် ၂၁၀ မဂ္ဂါဝပ်ထိ တိုးမြင့်သွားကြောင်း ဖော်ပြထားသည်။ သို့သော် လျှပ်စစ်စွမ်းအား၀န်ကြီးဌာန Website တွင် လက်ရှိဖော်ပြထားသော “တည်ရှိပြီးသားနှင့်တည်ဆောက်နေဆဲ မဟာဓာတ်အားလိုင်းများ” မြေပုံတွင် နမ္မတူရေကာတာစီမံကိန်းနှင့် အထက်ရဲရွာစီမံကိန်းနှင့်ချိတ်ဆက်ထားသော ၂၃၀ ကီလို၀ပ်ဓာတ်အားလိုင်းကိုပါ ဖော်ပြထားခြင်းမရှိဘဲ ယခုဓာတ်အားလိုင်းအသစ်မှာ တရုတ်နိုင်ငံမှ စီစဥ်ထားသော မူဆယ်-မန္တလေး လျှပ်စစ်ရထားလမ်းသစ်နှင့် နီးစပ်နေသည်။ ထို့အတွက် နမ္မတူရေကာတာ၏ အဓိကရည်ရွယ်ချက်မှာ ဒေသခံများ၏ လျှပ်စစ်လိုအပ်ချက်ထက် တရုတ်ရထားလမ်းစီမံကိန်းကိုဓာတ်အားပေးရန် ဟူသောထင်ကြေးများကို ပိုမိုတိုးမြင့်လာကြောင်းနှင့် ရထားလမ်းဓာတ်အားစနစ်၏ သဘာဝပတ်၀န်းကျင်ဆိုင်ရာထိခိုက်မှုအစီရင်ခံစာ (EIA) တွင် ရထားလမ်းစီမံကိန်းအတွက် အဓိကစွမ်းအင်အရင်းအမြစ်မှာ ရေအားလျှပ်စစ် ဖြစ်သည်ဟုဖော်ပြထားသည်ဟုလည်း SSFIM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။




