၁၇. ၅. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းနှင့် ရာဇဝတ်ဂိုဏ်းများ၏ လိမ်လည်ခေါ်ဆောင်ခြင်းခံထားရသော တရုတ်နိုင်ငံသားအများအပြားကို ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများ ကျူးလွန်နေသော ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းစေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် တရုတ်နိုင်ငံသားများကို ပြန်ကယ်တင်နိုင်ခဲ့ကြောင်းကို တရုတ်အစိုးရက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ တရုတ်သံရုံးကလည်း ထိုင်းနှင့် မြန်မာနယ်စပ်အနီးရှိ မြဝတီမြို့သို့ လိမ်လည်ပို့ဆောင်ခြင်းခံရသော တရုတ်နိုင်ငံသားများကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသားများသည် မြင့်မားသောလစာဖြင့် အလုပ်ကိုင်အခွင့်လမ်းကောင်းများရရှိမည်ဟု အွန်လိုင်းမှတစ်ဆင့် မက်လုံးပေးလိမ်လည်ခေါ်ယူခံခဲ့ရကြောင်း ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ” မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများလက်ထဲမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေဆီက အကူအညီပေးဖို့ တောင်းဆိုမှုတွေကို လက်ခံရရှိခဲ့တယ်။ အဲဒီလိုမျိုး အကူအညီတောင်းခံမှုတွေကို လက်ခံရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဟာ အရေးပေါ်အစီအစဉ်တွေရေးဆွဲခဲ့ပြီး တရုတ်နိုင်ငံသားတွေကို ပြန်ကယ်ထုတ်နိုင်ဖို့ မြန်မာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားအားလုံးကို ဘေးကင်းစွာနဲ့ ပြန်လည် ကယ်တင်နိုင်ခဲ့တယ်” ဟု ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အရှေ့တောင်အာရှဒေသတွင် လူကုန်ကူးခံရမှုများ မြင့်တက်လာခဲ့ပြီး အင်ဒိုနီးရှား၊ မလေးရှား၊ နီပေါ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံသားများအပါအဝင် အခြားနိုင်ငံသားများသည် လူကုန်ကူးဂိုဏ်းများ၏ ပစ်မှတ်ထား လိမ်လည်ခေါ်ဆောင်ခြင်းများခံခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ၏ လိမ်လည်ခေါ်ဆောင်ခြင်းခံရသူများသည် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုလုပ်ဆောင်ရပြီး သတ်မှတ်ထားသော Targets ကို မရရှိခဲ့ပါက ရိုက်နှက်ခံရခြင်း၊ လျှပ်စစ် ဝါယာရှော့ခ်တိုက်ခံရခြင်း၊ နှိပ်စက်ခံရခြင်းများတွေ့ကြုံရကြောင်း သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ချိန်အတွင်း နစကတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများကျူးလွန်နေသော လူကုန်ကူးဂိုဏ်းများကို ဖြိုခွင်းရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်အစိုးရအနေဖြင့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများကျူးလွန်နေသော လူကုန်ကူးဂိုဏ်းများကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
Ref——–South china morning post
