MT News
Written by Nay Moe
မင်းဘူးမြို့နယ်ရှိ သရက်တောရဲစခန်းကို PDF များ သိမ်းယူဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့ပြီး ထိုတိုက်ခိုက်မှုတွင် PDF သုံးဦးသေဆုံးခဲ့သကဲ့သို့ ရဲတပ်ဖွဲ့ဝင် ၁၂ ဦးလည်း သေဆုံးခဲ့သည်ဟု NUG ၏ စစ်ရုံးချုပ်က မေလ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။
ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ်၊ မေလ (၁၀)ရက်နေ့၊ မနက်(၃)နာရီခန့်တွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ သရက်တောရဲစခန်းကို PDF မကွေးခရိုင် အမှတ်(၁) တပ်ရင်း၊ မကွေးတိုင်းကွပ်ကဲရေးအဖွဲ့နှင့်မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းလေးကြောင်းခွဲကာ ချဥ်းကပ်ခဲ့ပြီး ကင်းငယ်စစ်ကြောင်းက ရှော့တိုက်ဒုံး (၃) လုံးဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲစသည်နှင့် စခန်းနောက်ကျောဘက်မှ တာဝန်ယူထားသော ကာဗွန်စစ်ကြောင်းနှင့်တောင်ဘက်မှ ဘုန်းမြတ်အောင်စစ်ကြောင်းတို့မှ စတင်ပစ်ခတ် ကာပစ်ပေးထားကာ ယက္ခညီနောင်စစ်ကြောင်းမှာ စခန်းမျက်နှာစာသို့ ချဥ်းကပ်ကာ စစ်ကြောင်းအသီးသီး တိုက်စစ်ဖွင့်ပြီး ၃ နာရီ ၃၀ မိနစ်တွင် စခန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
ထို့နောက် PDF များက အရာရှိအခန်း ၊ တခြားအခန်း ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ် ၆ စီးကျော် မီးရှို့ခဲ့ပြီး RC နှစ်ထပ်တိုက် အပေါ်ထပ်သို့ ဝင်ရောက်ရှင်းလင်းချိန် အခန်းထောင့်တွင်ကျန်နေသော ရဲတပ်ဖွဲ့ဝင်နှင့် ထိတွေ့မှု ဖြစ်ခဲ့ပြီး PDF ၃ ဦးသေကာ (၇)ယောက်ဒဏ်ရာ ရရှိခဲ့သည်။
တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် (၁၂)ဦး သေဆုံးပြီး G3 (၁)လက် ၊ကျည်ဘောက် (၂)ခု G3ကျည် (၁၅)တောင့် ၊ Dell လက်တော့ (၁)လုံး ၊ USB memory stick (၂)ခု ၊ ဖုန်းလိုင်းဖြတ် Jammer ၁ခု ၊ စကားပြောစက် Antenna (၂) ချောင်း ၊ equipment (၂)ခု ၊စစ်ဖိနပ် (၁)ရံ၊ ဘဏ်စာအုပ် (၁)အုပ် ၊ ပိုက်ဆံအိတ် (၂)လုံး ၊ ဒုရဲအုပ် မှတ်ပုံတင်နှင့် ရဲလက်မှတ် ၊ငွေ (၇၀,၅၀၀ )ကျပ်တို့ကို PDF ပူးပေါင်းအဖွဲ့က သိမ်းယူပြီးနောက်နံနက် ၄ နာရီအချိန်တွင် စခန်းကို မီးရှို့ကာ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
