တန်ချိန်သုံးသိန်းရှိ ရေနံတင်သင်္ဘောများ ဆိုက်ကပ်နိုင်သည့် မဒေးကျွန်းရေနံတင်ဆိပ်ကမ်းကို တွေ့ရစဉ်။
MT News
Written by Ye Kyaw
မိုခါမုန်းတိုင်းဖြစ်စဉ်များကြောင့် ရေနံစိမ်းတင်သင်္ဘောများ ယာယီရပ်ဆိုင်းထားသော်လည်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ ရေနံစိမ်းတင်ပို့မှုကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း South-East Asia Crude Oil Pipeline Company Limited (SEAOP)မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
“ပြင်ဆင်မှုက (၃)ချက်ရှိပါတယ်။ နံပါတ်(၁)က မုန်တိုင်းကာလအတွင်းမှာ လုပ်ငန်းခေတ္တရပ်တန့်ထားတယ်။ ရပ်တန့်ထားတယ်ဆိုတာ ရေနံတင်သင်္ဘော ဝင်တာ၊ ထွက်တာမရှိဘူး။ နံပါတ်(၂)က မုန်တိုင်းကာကွယ်ရေး စီမံထားတယ်။ မဒေးကျွန်းမှာထားတဲ့သင်္ဘောများကို ကြိုးနဲ့ခိုင်ခံ့အောင်ချည်ပြီး ကမ်းကပ်ထားပါတယ်။ နံပါတ်(၃)က ဝန်ထမ်းအင်အားပိုင်းမှာ ဖြည့်ထားပါတယ်။ ရေနံတင်သင်္ဘော ဝင်တာ၊ ထွက်တာကိုပဲ ရပ်ထားတယ်။ ဘာကြောင့်ဆိုတော့ မဒေးကျွန်းမှာလဲ ရေနံသိုလှောင်ကန် အကြီးကြီးရှိတယ်။ သိုလှောင်ထားတဲ့ရေနံစိမ်းရှိပါတယ်” ဟု SEAOP မှ တာဝန်ရှိသူက ပြောသည်။
မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းကို South-East Asia Crude Oil Pipeline Company Limited (SEAOP) က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး မဒေးကျွန်းရှိ SEAOP ၏ ရေနံတင်ဆိပ်ကမ်း(Crude Oil Terminal)တွင် သင်္ဘောကြီးအလျား ၃၃၀ မီတာ၊ ရေစူး ၂၃ မီတာ၊ သင်္ဘောတန်ချိန် ၃၀၀,၀၀၀ ရှိသည့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည်။
မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဒေးကျွန်းမှစတင်၍ သွယ်တန်းထားပြီး ပိုက်လိုင်းများသည် မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကိုဖြတ်ပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှ တရုတ်နိုင်ငံအတွင်းသို့ သွယ်တန်းထားခြင်းဖြစ်သည်။
မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းကို ယခင်စွမ်းအင်ဝန်ကြီးဌာန (MOE) နှင့် China National Petroleum Corporation (CNPC) တို့ ၂၀၀၉ ခုနှစ်၊ ဇွန် ၁၆ ရက်တွင် MOU လက်မှတ်ရေးထိုးခဲ့ပြီး ကျောက်ဖြူခရိုင်၊ မဒဲကျွန်းတွင် Workboat Wharf တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၀ ခုနှစ်၊ ဩဂုတ် ၃၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။
DWT ၃၀၀,၀၀၀၊ LOA ၃၀၀ မီတာ၊ အကျယ် ၆၀ မီတာ၊ ရေစူး ၂၃ မီတာရှိသော ရေနံတင်သင်္ဘောဆိုက်ကပ်နိုင်သည့် Crude Oil Terminal တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ် မေ ၃၁ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည်။
