April 28, 2024

ဒဏ်ရာရရှိသည့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်အား တွေ့ရစဉ်

MT News

Written by Nay Moe

တီးတိန်မြို့မှ ကလေးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ်အား PDF များက လက်လုပ်မိုင်းများဖြင့် အကြောင်းမဲ့ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု SAC က ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ချင်းပြည်နယ်၊ တီးတိန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ်အား အောက်တိုဘာ ၁၄ ရက် ညနေ ၃ နာရီခန့်တွင် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာသို့ရောက်ရှိစဉ် မော်တော်ယာဉ်အား PDF များက လက်လုပ်မိုင်း ၅ လုံးဖြင့် အကြောင်းမဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ ထိုသို့ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ မော်တော်ယာဉ်လေကာမှန်များ မိုင်းစထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ခရီးသွားပြည်သူများအား လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိသည်။

ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းမပေါ်၌ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု SAC က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *