၁၀. ၅. ၂၀၂၃
Written by Peya

ကျန်းမာရေးအရ အနားယူတော်မူနေသည့် ဗန်းမော်ဆရာတော်ကြီးကို သီတဂူဆရာတော်ကြီးက လာရောက် ဂါရဝပြုခဲ့ကြောင်း ဗန်းမော်ဆရာတော်ကြီး၏ တပည့် သံဃာတော်များထံက သိရသည်။

နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု ဗန်းမော်ဆရာတော်ကြီးသည် မန္တလေးမြို့ရှိ ဗန်းမော် ကျောင်းတိုက်တွင် အနားယူနေခြင်းဖြစ်ပြီး မေလ ၁၀ ရက်တွင် ရွှေကျင်နိကာယ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်ကြီးက သွားရောက်ဂါရဝပြု ကျန်းမာကြောင်း မေးလျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဗန်းမော်ဆရာတော်ကြီးနဲ့ သီတဂူဆရာတော်ကြီးတို စကားတွေ ပြောခဲ့ကြတယ်။ ဆရာတော်ကလည်း လန်းဆန်းပါတယ်” ဟု ဗန်းမော်ဆရာတော်ကြီး၏ တပည့် ရဟန်းတစ်ပါးက MT News သတင်းဌာနသို့ မိန့်ကြားသည်။

ဗန်းမော်ဆရာတော်ကြီးနှင့် ပတ်သက်၍ ဆရာတော်ကြီး၏ ကျန်းမာရေးကို စောင့်ရှောက်သောအားဖြင့် ဝင်ရောက် ဖူးမြော်ခြင်းမပြုရန်အတွက်လည်း ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူသည့် ကျောင်းတွင် မေတ္တာရပ်ခံစာရေးကာ မေတ္တာရပ်ခံထားကြောင်း သိရသည်။

ဗန်းမော်ဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ကျောင်းတိုက်၌ သီတင်းသုံးခဲ့ကာ မန္တလေးပြည်သူဆေးရုံကြီး သီးသန့်ခန်းတွင် အနားယူနေခဲ့ခြင်းဖြစ်ပြီး ထိုသို့ အနားယူနေစဉ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း လာရောက်ဖူးမြော်ခဲ့ကာ ဧပြီလ ၃၀ ရက် ညနေပိုင်း ၅ နာရီအချိန်တွင် ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်သီတင်းသုံးကာ တာဝန်ရှိသူ အသီးသီးနှင့် တပည့်ရဟန်းသံဃာများ၊ တပည့်ဒါယကာ၊ ဒါယိကာမများမှ ပင့်ဆောင်ပြုစုနေကြပြီး ကျန်းမာရေးတိုးတက်ကောင်းမွန်နေသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *