၉. ၅. ၂၀၂၃
Written by Nyein Kyaw

မိုချာဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်သည့်နေရာများရှိ တည်ဆောက်ဆဲ လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ ထိခိုက်ပျက်စီးမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ထားပြီး ဆေးရုံ၊ ကယ်ဆယ်ရေးစခန်းများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန် အရန်မီးစက်များ ပြင်ဆင်ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

မေ ၈ ရက်တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ထားသည့် အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တည်ဆောက်ဆဲ စီမံကိန်းများဖြစ်သော သံတွဲဒေသရှိ သူဌေးချောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းတွင် တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲဖြစ်သော စီမံကိန်းဆိုင်ရာ အဆောက်အအုံများနှင့် တမံများကို သဘာဝဘေးကြောင့် ထိခိုက်သက်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ် ဆောင်ရွက်သွားရန်နှင့် ထုတ်လုပ်ဆဲဖြစ်သော ကျောက်ဖြူဒေသရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ကိုကိုးကျွန်းနှင့် မာန်အောင်ကျွန်းရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ မင်းဘူးနှင့် စေတုတ္တရာဒေသရှိ ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကိုလည်း ထိခိုက်ပျက်စီးမှုမရှိစေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

ထို့ပြင် အရေးကြီးသောနေရာများ ဖြစ်သည့် ကွပ်ကဲမှုရုံး၊ ဆေးရုံ၊ အုပ်ချုပ်မှုအဆောက်အဦဖြစ်သည့် ကယ်ဆယ်ရေးစခန်း နေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေး အရန်မီးစက်များကို ကြိုတင် ဖြန့်ခွဲထားရှိရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

သဘာဝဘေးကျရောက်နေချိန်များတွင်လည်း လျှပ်စစ် အန္တရာယ်မဖြစ်ပေါ်စေရေး ဓာတ်အားဖွင့်/ပိတ်စနစ်များကိုလည်း စနစ်တကျ ထိန်းချုပ်ထားရန် လိုအပ်ပြီး ဆက်သွယ်မှုစနစ် ပြတ်တောက်သွားမှု မရှိစေရန် အရေးပေါ်ဆက်သွယ်မှု စနစ်များကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်းနှင့် ဆောင်ရွက်ထားရှိသည့် အစီအမံများအတိုင်း ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်ထားကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မိုချာဆိုင်ကလုန်းမုန်တိုင်း လမ်းကြောင်းကို နောက်နှစ်ရက်အတွင်းမှ တိတိကျကျ ခန့်မှန်းနိုင်မည်ဟု မေ ၈ ရက် နံနက်ပိုင်းတွင် အိန္ဒိယ မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ မိုချာဆိုင်ကလုန်းမုန်တိုင်းသည် နာဂစ်မုန်တိုင်းထက် ပြင်းထန်နိုင်ပြီး မြန်မာနိုင်သို့ ဝင်ရောက်နိုင်မည်ကို လက်ရှိအချိန်အထိ တိတိကျကျ မသိရှိရသေးသော်လည်း ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *