March 28, 2024

၈. ၅. ၂၀၂၃
Written by Phyo Wei

နိုင်ငံရေးပုဒ်မ ၅၀၅(က)နဲ့ ဖမ်းထားသူ ၂၁၀၀ ကျော် ပြန်လွှတ်ပေးပြီး သေဒဏ်ကျအကျဥ်းသား ၃၈ ယောက် သေဒဏ်ပယ်ဖျက်လိုက်လို့ ကုလသမဂ္ဂက ကျေးဇူးတင်ပါတယ်လို့ နစက ကို ပြောလာချိန်မှာ အမေရိကန်ဘဏ်တွေ ထပ်ပြိုလဲနေပြီး ဒေါ်လာအစား နိုင်ငံအချင်းချင်းအကြား ကိုယ့်ငွေကြေးနဲ့ကိုယ် တိုက်ရိုက်ပေးချေမဲ့နိုင်ငံတွေ ပိုများလာတဲ့ ဒီရက်သတ္တပတ်မှာဆိုရင်တော့ ချောင်းဦးပကဖတွေရဲ့ သက်ငယ်မုဒိမ်းကျင့်လူသတ်မှုမပြီးခင် NLD ပါတီအတွင်းရေးမှူးရဲ့ သက်ငယ်မုဒိမ်းမှုကိုပါ NUG ဖြေရှင်းနေရသလို ဘာတစ်ခုမှ ​ပြတ်ပြတ်သားသားအရေးမယူနိုင်တဲ့အခြေအနေ​ကြောင့် ဝေဖန်ခံရမှုတွေ မြင့်တက်လာနေတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဘန်ကီမွန်းအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးလာရောက်ပြီး လာရောက်တဲ့သူတွေတိုင်းကလည်း ရွေးကောက်ပွဲဖြစ်မြောက်ရေးတွန်းအားပေးစကားမျိုးတွေပဲ ပြောသွားတာဟာ ဒီရွေးကောက်ပွဲကိုဖျက်ဆီးမယ်​လို့ ကမ္ဘာသိ​အောင် ကြွေးကြော်ထားတဲ့ NUG ကို လက်မခံတော့ဘူးလို့ သွယ်ဝိုက်ပြောဆိုမှုတွေ တွေ့မြင်ရတဲ့ ဒီတစ်ပတ်ရဲ့နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ လက်နက်ကိုင်အပြီး နှစ်နှစ်အတွင်းမှာ လူပေါင်း ၃၀၀၀၀ ကျော် သတ်ထားတယ်ဆိုတဲ့ NUG အကြောင်း၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့ ပါဝင်ပတ်သက်သူအားလုံးကို တိတ်တဆိတ်တွေ့ဆုံနေတဲ့ အင်ဒိုနီးရှားရဲ့ တွေ့ဆုံမှုတွေမှာ စိတ်လိုလက်ရပူးပေါင်းပါဝင်နေတဲ့ NUG အ​ကြောင်းနဲ့ SAC က လုံခြုံရေးပေးထားတဲ့ကြားက အာဆီယံသံတမန်တွေလိုက်ပါလာတဲ့ ယာဉ်တန်းပစ်ခတ်ခံရတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

“လူပေါင်း ၃၀၀၀၀ လောက် သတ်ပြီးပြီဆိုတဲ့ NUG”

SAC အစိုးရအဖွဲ့ရဲ့ စစ်သား၊ ရဲသားစတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အစိုးရယန္တရားလည်ပတ်အောင်ပြုလုပ်ပေးတဲ့ ဝန်ထမ်း စသလို NUG နဲ့ PDF တွေရဲ့ စွပ်စွဲတိုက်ခိုက်မှုခေါင်းစဥ်အောက်မှာ နိုင်ငံ့ဝန်ထမ်းတွေအပါအဝင် လူ ၃၀၀၀၀ လောက်ကို နှစ်နှစ်အတွင်း သတ်ဖြတ်ထားပြီးပြီလို့ NUG က မေလ ၃ ရက်မှာ ထုတ်ပြန်တဲ့ “အမျိုးသားညီညွတ်ရေးအစိုးရဖွဲစည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

NUG ရဲ့ ပကဖ၊ ပအဖ၊ ပလဖနဲ့ PDF တွေဟာ နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေး၊ အငြိမ်းစားဝန်ထမ်း၊ NLD ပါတီဝင်မဟုတ်တဲ့ အခြားပါတီဝင်နဲ့ NUG, NLD ကို မထောက်ခံသူတွေကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင် လုပ်ဆောင်ပေးသူ” စသလို စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ရာမှာ အချိန်ကာလနှစ်နှစ်အတွင်း ပြည်သူ ၃၀၀၀၀ လောက် ကြားထဲက သေဆုံးရတဲ့အပေါ် NUG က” မှတ်တမ်းများအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃သောင်းခန့် ထိခိုက်သေဆုံးသည်အထိ ချေမှုန်းနိုင်ခဲ့ပြီး (၁) သောင်းကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်” လို့ အစီရင်ခံခဲ့ပါတယ်။

ဒီအချိန် AAPP မှတ်တမ်းအရ SAC အစိုးရကြောင့် ထိခိုက်သေဆုံးရတယ်ဆိုတဲ့ စာရင်းမှာ မေ ၃ ရက်အထိ ၃၄၅၉ ဦးပဲရှိပြီး ဒီစာရင်းမှာ လက်နက်ကိုင်တိုက်ပွဲအတွင်း သေဆုံးတဲ့ NUG ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်လည်းစာရင်းပါလို့ NUG ရဲ့ သတ်ဖြတ်မှုက SAC ထက် ဆယ်ဆလောက် ပိုမိုများပြားနေတာ တွေ့ရပါတယ်။

“အခုအချိန်အထိ ကျွန်တော်တို့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံအစိုးရမှာ အမှုထမ်းနေတဲ့ ဝန်ထမ်းများမပါ။ ဒီနေ့ ဒီအချိန်အထိ ဒလန်ဆိုပြီး သူတို့သုံးနှုန်းနေတဲ့ ဒလန်ဆိုပြီးတော့ စွပ်စွဲပြီး အသတ်ခံရတဲ့ လူပေါင်း၊ ရဲမှာအမှုဖွင့်တိုင်ကြားထားတဲ့စာရင်းအရ ၄၀ဝ၃ ဦး ရှိပါတယ်။ သူတို့သည်လည်း အသက်နဲ့ပါပဲ ” လို့ နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

NUG, PDF တွေ သတ်ဖြတ်ထားတဲ့ လူ ၃၀၀၀၀ ထဲမှာ မှားယွင်းသတ်ဖြတ်ခံထားရသူများစွာလည်းပါနေလို့ အပြစ်မဲ့ပြည်သူ လူ ၄၀၀၀ လောက်ဟာ ၁၀ ရာခိုင်နှုန်းသာသာပါလို့ ဆင်ခြေပေးမယ်ဆိုရင်တောင် ဒီအသက်ပေါင်း ၄၀၀၀ ကျော်အတွက်တော့ NUG ဟာ တာဝန်ခံရမှာဖြစ်သလို အခွင့်အရေးပေးတာနဲ့ တရားပြန်စွဲမဲ့ PDF သတ်ဖြတ်ခံမိသားစု ရာထောင်ချီရှိနေတာကိုလည်း သတိပြုဖို့လိုပါလိမ့်မယ်။

“အင်ဒိုနီးရှားရဲ့ တိတ်တဆိတ်​တွေ့ဆုံမှုတွေမှာ စိတ်လိုလက်ရပါဝင်နေတဲ့ NUG”

အာဆီယံထိပ်သီးအစည်းအဝေးတွေ မကြာခင်ကျင်းပတော့မဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့အတွက် ပါဝင်တဲ့အဖွဲ့အစည်းအားလုံးနဲ့တိတ်တဆိတ်ဆက်သွယ် စေ့စပ်နေပြီး SAC၊ EAOs၊ NUG စတဲ့ မြန်မာ့အရေးမှာ ပတ်သက်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကြိုးပမ်းနေမှုမှာ SAC နဲ့ EAOs က ခပ်မဆိတ်ပေမဲ့ NUG က ပူးပေါင်းနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆုဒီက မေလ ၅ ရက်မှာ ပြောလာပါတယ်။

SAC က အကြမ်းဖက်လို့ သတ်မှတ်ထားပြီး တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘူးလို့ ယတိပြတ်ငြင်းထားပေမဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလကတော့ မဖြစ်နိုင်တာမရှိတဲ့နိုင်ငံရေးမှာ SAC နဲ့ ညှိနှိုင်းမယ်သဘောမျိုး ​ပြီးခဲ့တဲ့လပိုင်းက ပြောထားခဲ့သလို လက်ရှိအချိန်မှာ SAC နဲ့ EAOs က အင်ဒိုနီးရှားကို မတုံ့ပြန်ပေမဲ့ NUG က ပူးပေါင်းနေတယ်ဆိုတာကြောင့် ၂၀၂၃ ကို အဆုံးအဖြတ်အတွက် အဆုံးသတ်နှစ်ပါ ကြွေးကြော်ထားတဲ့ NUG ဟာ ဒီနှစ်ထဲမှာ တော်လှန်ရေးမအောင်မြင်နိုင်ဘူးဆိုတာ ကြိုတွေးမိလို့ စားပွဲဝိုင်းဆွေးနွေးပွဲအတွက် လေသံပစ် ခြေလှမ်းပြင်နေတာလား တွေးဖို့လည်း ရှိလာပါတယ်။

တစ်ဖက်မှာ နိုင်ငံရေးလမ်းကြောင်းကနေ SAC ကို ချည်းကပ်လို့ရနိုင်တဲ့ NLD ဟာ တရားဝင်ပါတီအဖြစ်က ပျက်ပြယ်နေပြီဖြစ်လို့ NUG ရဲ့ ခေါင်းကိုင်ဖခင် CRPH ဟာ “ကျွန်တော်တို့က အကြမ်းဖက်မထားပါဘူး”ဆိုတာမျိုးနဲ့ ဆွေးနွေးပွဲစကားဝိုင်းဆီ အသွင်ပြောင်းပြီးချည်းကပ်မလား။ NUCC ကပဲ အခွင့်ကောင်းဝင်ယူမလား ဆိုတာတော့ သူတို့ခြေလှမ်းတွေကို စောင့်ကြည့်ရဦးမှာပါ။

“SAC လုံခြုံရေးပေးတဲ့ကြားက ပစ်ခတ်ခံရတဲ့ အာဆီယံသံတမန်ယာဥ်တန်း”

အရမ်းကို သွေးဆူနေပြီး စစ်စည်းကမ်းဥပဒေ လိုက်နာစရာမလို လူသတ်လိုက်ရင်တောင် “ဒလန်”ဆိုတဲ့စကားတစ်ခွန်းသုံးရုံနဲ့ အပြစ်မရှိတဲ့ သူရဲကောင်းဖြစ်သွားတာကြောင့် အခုမှလက်နက်ကိုင်လူငယ်အချို့ဟာ အရမ်းကို လက်နက်အားကိုး ပစ်ခတ်သတ်ဖြတ်ချင်စိတ်တွေ ထကြွနေတာ အားလုံးမျက်မြင်ပါပဲ။ ပြီးခဲ့တဲ့ မေ ၇ ရက်ကလည်း PNLO နဲ့ ချိတ်ဆက်ပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးဖို့ ရှမ်းပြည်နယ်သွားတဲ့ အာဆီယံသံတမန်တွေရဲ့ ယာဥ်တန်းဟာ SAC ရဲ့ လခရတွေ လိုက်ပါ လုံခြုံရေးယူပေးနေတဲ့ကြား ပစ်ခတ်ခံခဲ့ရပါတယ်။

မှားသတ်မိရင် မှားပစ်မိရင် ပစ်ခတ်တဲ့ လက်နက်ကိုင်က အသံမထွက်တော့ဘဲ မသိချင်ဟန်ဆောင်တဲ့ မြန်မာ့လက်နက်ကိုင်တချို့ထုံးစံအတိုင်း ဒီပစ်ခတ်မှုကလည်း ပစ်ခတ်သူမပေါ်ခဲ့ပြန်ပါဘူး။ လက်နက်ကိုင်တချို့ မှားပစ်ခဲ့တဲ့ ဒီယာဥ်တန်းမှာ အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား၊ စင်ကာပူနဲ့ အာဆီယံရဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့ (AHA)ရဲ့ သံတမန်တွေ လိုက်ပါလာတာဖြစ်ပြီး လက်နက်ကိုင်တချို့ ချောင်းပစ်တာကြောင့် လုံခြုံရေးလိုက်လာတဲ့ လခရတွေက ပြန်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမရှိပေမဲ့ အာဆီယံသံတမန်တွေ ရှေ့မတိုးရဲတော့တာကြောင့် နောက်ပြန်လှည့်ကြပါတယ်။

ဒီဖြစ်စဥ်အပေါ် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက” ဒီတိုက်ခိုက်မှုဟာ အာဆီယံအဖွဲ့အပေါ် သက်ရောက်မှုရှိလာမှာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ထပ်မံတိုက်တွန်းတောင်းဆိုပါတယ်။ အင်အားသုံးဖြေရှင်းတာမျိုးတွေရပ်တန့်စေလိုတယ်။ ပြည်သူတွေဟာ အကြမ်းဖက်မှုရဲ့သားကောင်တွေဖြစ်လာရဖွယ်ရှိနေတယ်။ လက်ရှိအခြေအနေများအရ ဘယ်အဖွဲ့ကမှ အနိုင်ရမှာမဟုတ်ဘူး။ မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကို နိုင်ငံအရေးအခက်အခဲတွေအပေါ် အဖြေရှာဖို့တွေ့ဆုံဆွေးမှုတွေ အတူတကွလုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်”လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် သွေးဆာနေတဲ့၊ လူတွေကို သတ်ရင်တောင် ဒလန်လို့ အမည်တပ်ရင် အပြစ်မယူဘဲ ဂုဏ်ပြုခံရတဲ့ လက်နက်ကိုင်အဖွဲ့ ၆၀၀ ကျော်ရှိတာ အာဆီယံသံတမန်တွေ နဖူးတွေ့ ဒူးတွေ့ တွေ့ရတဲ့အချိန်မှာ ဒီအကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ကြိုးပမ်းရတော့မဲ့ မြေစာပင်နိုင်ငံနဲ့ မြေစာပင်ပြည်သူရဲ့ ထွက်ပေါက်ဟာ ရွေးကောက်ပွဲအမြန်ဆုံးဖြစ်မြောက်ရေးမှတပါး အခြားမရှိပါဘူးလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *