April 29, 2024

လက်ရှိအခြေအနေအရ မည်သည့်အဖွဲ့မှ အနိုင်မရနိုင်၍ အကြမ်းဖက်မှုရပ်တန့်ရန်နှင့် အာဆီယံသံတမန်များ ပစ်ခတ်တိုက်ခိုက်ခံရမှု ရှုတ်ချကြောင်း အင်ဒိုနီးရှားသမ္မတ ပြောကြား

၈. ၅. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံတမန်များ လိုက်ပါလာသော ယာဉ်တန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း စစ်ဘက်တာဝန်ရှိသူတစ်ဦးနှင့် သံတမန်အသိုင်းအဝိုင်းက ပြောသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံတမန်များလိုက်ပါလာသော ယာဉ်တန်းသည် ပြီးခဲ့သော မေလ ၇ ရက်နေ့က တောင်ကြီးမြို့ကို ခရီးထွက်ခွာချိန်အတွင်း အမည်မသိလက်နက်ကိုင်အုပ်စု၏ တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ရန်ကုန်မြို့အခြေစိုက်နိုင်ငံခြားသံတမန်တစ်ဦးက ပြောသည်။

အဆိုပါ နိုင်ငံခြားသံတမန်တစ်ဦးက ” မေလ ၇ ရက်နေ့ နံနက်ပိုင်းမှာ သံတမန်အချို့လိုက်ပါလာတဲ့ ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရတယ်” ဟုပြောသည်။

အဆိုပါယာဉ်တန်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ စင်ကာပူ၊ နှင့် အာဆီယံအဖွဲ့၏ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့ (AHA)၏ သံတမန်များ၊ တာဝန်ရှိသူများ လိုက်ပါလာခဲ့ပြီး ထိခိုက်ဒဏ်ရာရခြင်းမျိုး မရှိကြောင်း ရန်ကုန်မြို့အခြေစိုက်နိုင်ငံခြားသံတမန်တစ်ဦးကပြောသည်။

အဆိုပါ သံတမန်များသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဆက်ဆံရေးရုံးသို့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန်သွားရောက်စဥ် ဟိုပုံး-ဆီဆိုင် လမ်းမပေါ် ၄၁ မိုင်ကွေ့အနီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး သံတမန်များကို လုံခြုံရေးယူပေးသည့် SAC ၏ လုံခြုံရေးတပ်ဖွဲ့များကလည်း ချောင်းမြောင်းပစ်ခတ်သူများကို ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် သံတမန်ယာဥ်တန်းမှာ ဆက်မသွားတော့ဘဲ ပြန်လှည့်ခဲ့ရကြောင်းလည်း သိရသည်။

အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက အာဆီယံအဖွဲ့တာဝန်ရှိသူများနှင့်သံတမန်များသည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လွှဲပြောင်းပေးနိုင်ရန်အတွက် မေလ ၇ ရက်နေ့က တောင်ကြီးမြို့သို့ ခရီးထွက်ခွာခဲ့ကြောင်းပြောပြီး သူက ” သံတမန်တွေ သွားရောက်လမ်းကြောင်းမှာ ဝမ်းနည်းစရာအဖြစ်ပျက်တွေနဲ့တွေ့ကြုံခဲ့တယ်။ သံတမန်တွေလိုက်ပါလာတဲ့ ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရတယ်။ အာဆီယံအဖွဲ့ရဲ့လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလွှဲပေးဖို့ သွားတဲ့ယာဉ်တန်းတိုက်ခိုက်ခံရမှုအပေါ် ရှုတ်ချပါတယ်” ဟု ပြောသည်။

အာဆီယံအဖွဲ့သည် ယခုသီတင်းပတ်အတွင်း အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်ရာ မြန်မာ့နိုင်ငံရေးအခြေနေများကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားသမ္မတက “ဒီတိုက်ခိုက်မှုဟာ အာဆီယံအဖွဲ့အပေါ် သက်ရောက်မှုရှိလာမှာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ထပ်မံတိုက်တွန်းတောင်းဆိုပါတယ်။ အင်အားသုံးဖြေရှင်းတာမျိုးတွေရပ်တန့်စေလိုတယ်။ ပြည်သူတွေဟာ အကြမ်းဖက်မှုရဲ့သားကောင်တွေဖြစ်လာရဖွယ်ရှိနေတယ်။ လက်ရှိအခြေအနေများအရ ဘယ်အဖွဲ့ကမှ အနိုင်ရမှာမဟုတ်ဘူး။ မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေကို နိုင်ငံအရေးအခက်အခဲတွေအပေါ် အဖြေရှာဖို့ တွေ့ဆုံဆွေးမှုတွေ အတူတကွလုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်” ဟုပြောသည်။

Ref——- barrons
#Myanmar #asean #mtnews
#myanmar_transparency_news #mtnews

Leave a Reply

Your email address will not be published. Required fields are marked *

Related News