၄-၅-၂၀၂၃
Written by Tha Doe
အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားဆိပ်ကမ်းမှ စစ်တွေဆိပ်ကမ်းသို့ အိန္ဒိယကုန်တင်သင်္ဘော ပထမဆုံး စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်က ပြုလုပ်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဘိလပ်မြေများ တင်ဆောင်ထားသည့် MV ITT Lion အမည်ရှိ အိန္ဒိယကုန်တင်သင်္ဘောသည် ကော်လ်ကတ္တား Syama Prasad Mookerjee ဆိပ်ကမ်းမှ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းသို့ ပထမဆုံးခရီးစဉ် ပြေးဆွဲခြင်း အထိမ်းအမှတ် အခမ်းအနားကို မေလ ၄ ရက်၊ နံနက်ပိုင်း၌ ကော်လ်ကတ္တားမြို့၊ Netaji Subhas Dock တွင် ကျင်းပခဲ့ရာ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်မိုး တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Shri Shantanu Thakur ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့နှင့် Syama Prasad Mookerjee ဆိပ်ကမ်း တို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။
စစ်တွေဆိပ်ကမ်း အပါအဝင် ပလက်ဝကုန်းတွင်းဆိပ်ကမ်း၊ ကုလားတန်မြစ်ကူးတံတား၊ ပလက်ဝ-မီဇိုရမ်ကားလမ်းများ ပါဝင်သည့် ကုလားတန်ဘက်စုံစီမံကိန်း တည်ဆောက်ခြင်းလုပ်ငန်းသည် လမ်းပန်းဆက်သွယ် ရေးခက်ခဲသော အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ်ဒေသများအတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို စစ်တွေမှတစ်ဆင့် ပလက်ဝမြို့ကိုဖြတ်၍ ရေလမ်း ကုန်းလမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်ထားကာ အမေရိကန်ဒေါ်လာသန်း (၅၀၀) နီးပါး ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။
အဆိုပါ MV ITT Lion သင်္ဘော မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းသို့ ရေကြောင်း ပြေးဆွဲမှုများ စတင်လုပ်ဆောင်ချိန်တွင် အိန္ဒိယ ဆိပ်ကမ်း ၊ သင်္ဘောနှင့် ရေကြောင်းသွားလာရေးဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာမည်ဖြစ်ကာ မေလ ၉ ရက်နေ့တွင် စစ်တွေဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် စီစဉ်ထားပြီး စစ်တွေဆိပ်ကမ်းဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရနှင့် နီးစပ်သောသတင်းရင်းမြစ်များက ပြောသည်။



