ကယားပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအတွက် အမိုးအကာများ UNHCR ထောက်ပံ့နေစဥ် (Photo- UNHCR)

၁၃. ၁၀. ၂၀၂၂

Written by Tha Doe

ပြင်းထန်လာသော ပဋိပက္ခများအကြား လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာနေရမှုတွင် ကယားပြည်နယ်မှာ ရိုက်ခတ်မှုဒဏ်အများဆုံးခံခဲ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေကြောင်း UNHCR က အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတဝှမ်းတွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ၍ ထိခိုက်ခံစားရသော အရပ်သား ပြည်သူများနှင့် နေရပ်စွန့်ခွာထွက်ပြေးရမှုများလည်း ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ဖြစ်ပွားလျက်ရှိသော ယင်းဖြစ်ရပ်များကြောင့် အောက်တိုဘာ ၃ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အသစ်ထပ်မံ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၁,၀၁၉,၀၀၀ အထိ တိုးမြင့်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အဆိုပါ ဖြစ်စဥ်များအတွက် UNHCR နှင့် မိတ်ဖက်များအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို ကြိုတင်နေရာချထားမှုအစီအစဉ်များကို စနစ်တကျထိန်းသိမ်းဆောင်ရွက်လျက်ရှိသည် ။ UNHCR သည် အသစ်ထပ်မံနေရပ်စွန့်ခွာပြောင်း‌ရွှေ့နေထိုင်သူများထံ လိုအပ်သောအကူအညီများ တတ်စွမ်းသမျှပေးအပ်နိုင်ရန် အစဥ်အမြဲလေ့လာလုပ်ဆောင်လျက်ရှိသည့်အပြင် စစ်တွေမြို့နယ် ခိုလှုံရာစခန်းများရှိ အမိုးအကာများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး လူဦးရေ ၁၃၂၀ ခန့်သည် ယာယီအမိုးအကာနေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။ UNHCR ၏ COVID-19 ဆိုင်ရာကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ချက်များ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ရခိုင်ပြည်နယ် (မြောက်ပိုင်း) တွင် လိုအပ်နေသောသူဦးရေ ၁၃၀ ၀၀၀ ကျော်ထံ PPE ဝတ်စုံများကို ဖြန့်ဝေပေးအပ်ခဲ့သည်။

အနောက်မြောက်ပိုင်းဒေသတွင် UNHCR သည် လိုအပ်သော လေ့လာဆန်းစစ်ဆောင်ရွက်မှုများကို စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ပြုလုပ်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အရှေ့မြောက်ပိုင်းဒေသတွင် UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူဦးရေ ၃၈၀၀ ဦးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်နေထိုင်သော နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်သူ ၂၁၄၄ ဦးတို့ထံ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေခဲ့သည်။ ထို့အပြင် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ ၁၇၄၃ ဦးသည် အမိုးအကာထောက်ပံ့မှုအကူအညီများ ခံစားရရှိခဲ့သည်။ UNHCR ၏ COVID-19 ဆိုင်ရာကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ချက်များ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ကချင်ပြည်နယ်တွင် လူဦးရေ ၆၆၀၀ ဦးခန့်ထံ PPE ဝတ်စုံများလည်း ဖြန့်ဝေခဲ့သည်။

အရှေ့တောင်ဘက်ပိုင်းဒေသတွင် UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် လက်ရှိကယားပြည်နယ် လွိုင်ကော်မြို့တွင်နေထိုင်လျက်ရှိသော ဒီးမော့ဆိုမြို့နယ်မှ နေရပ်ပြန်ရွှေ့ပြောင်းနေထိုင်သူ ၆၆၆၆ ဦးထံ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအား ဖြန့်ဝေခဲ့ပြီး ယင်းဒေသရှိလူဦးရေ ၃၀၃၀ဦးထံ အမိုးအကာများနှင့်အိမ်အမိုးသွပ်သံများ ပေးအပ်ခဲ့သည်။ UNHCR နှင့်မိတ်ဖက်အဖွဲ့အစည်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ နေရပ်စွန့်ခွာသူ ၁၂၅ ဦးထံ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ဝေပေးအပ်ခဲ့သည်။ ထို့ပြင် UNHCR သည်မကြာသေးမီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ နေရပ်ပြန်သူဦးရေ ၅၀၀ ကျော် (အိမ်ထောင်စု ၉၈ စု) အား အမိုးအကာအကူအညီများ ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *