၃. ၅. ၂၀၂၃
Written by Pan Ei
နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဖက်ရှင်လောကရဲ့ အစဉ်အလာကြီးမားတဲ့ Met Gala 2023 ကို အမေရိကန်နိုင်ငံ၊ နယူးယောခ့်မြို့၊ မက်ထရိုပိုလီတန် အနုပညာပြတိုက်မှာ မေလ ၁ ရက်နေ့ ညက ကျင်းပခဲ့တာဖြစ်ပြီး အဆိုပါပွဲကို ဂီတပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့ အခြားနာမည်ကျော်တွေက ဖက်ရှင်ကျတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့အတူ တက်ရောက်ခဲ့ကြပါတယ်။
အခုနှစ်အတွက် သတ်မှတ်ထားတဲ့ဖက်ရှင်ပုံစံက ၂၀၁၉ ခုနှစ်တုန်းက ကွယ်လွန်ခဲ့ပြီး ဖက်ရှင်လောကမှာ ဩဇာညောင်းလှတဲ့ ဒီဇိုင်နာ Karl Lagerfeld ကို ရည်ညွှန်းထားတဲ့ “Karl Lagerfeld: A Line of Beauty” ဖြစ်ပြီး အရင်နှစ်တွေလို သတ်မှတ်ချက် အယူအဆတွေနဲ့မဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ညွှန်းထားတာပဲ ဖြစ်ပါတယ်။
ပွဲတက်လာသူတွေဟာ Karl Lagerfeld ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ အဖြူနဲ့ အမဲ ဖက်ရှင်တွေကိုသာ အဓိကထား ဝတ်ဆင်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်း တစ်မူထူးခြားတဲ့ ဖက်ရှင်တွေကို ချပြတတ်တဲ့ ဂျိုကာမင်းသား Jared Leto ကတော့ Karl Lagerfeld ရဲ့ ကြောင်လေး Choupette ကို ကိုယ်စားပြုပြီး ကြောင်ပုံစံဝတ်စုံကို ပြင်ဆင်လာခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ရက်ပါအဆိုတော် Doja Cat ကလည်း Karl Lagerfeld နဲ့ သူရဲ့ ကြောင်လေးတို့ရဲ့ ဆက်ဆံရေးကို ဂုဏ်ပြုတဲ့အနေနဲ့ သူမရဲ့နာမည်နဲ့ လိုက်ဖက်စွာပဲ ကျောက်စီထားတဲ့ ဝတ်စုံနဲ့ ကြောင်မလေးအသွင်ပြင်ဆင်လာခဲ့ကာ ပွဲမှာ အင်တာဗျူးဖြေဆိုရာမှာလည်း ကြောင်လေးလို ဖြေဆိုခဲ့တာကြောင့် သူမရဲ့ ထက်မြက်တဲ့ ဖျော်ဖြေရေးပုံစံကို ပရိသတ်တွေက ချီးကျူးခဲ့ကြပါသေးတယ်။
Met Gala 2023 ပွဲကို အာရှအနုပညာရှင်တွေအနေနဲ့ မင်းသမီး Michelle Yeoh၊ မင်းသမီး Song Hye Kyo၊ Blackpink အဖွဲ့က Jennie၊ GOT7 အဖွဲ့က Jason Wang၊ မင်းသမီး Stephanie Hsu စတဲ့ နာမည်ကြီး အနုပညာရှင်တွေက တက်ရောက်ခဲ့ကြပါတယ်။
Fendi အမှတ်တံဆိပ်ရဲ့ စီအီးအိုနဲ့အတူ ပွဲတက်လာခဲ့တဲ့ မင်းသမီး Song Hey Kyo ရဲ့ လှပကြော့ရှင်းပြီး နုပျိုလွန်းတဲ့ပုံရိပ်တွေကြောင့် ပရိသတ်တွေက အံ့ဩချီးမွန်းခဲ့ကြရပြီး အဖြူ၊ အမဲ ဖက်ရှင်နဲ့ပဲ တောက်ပနေခဲ့တဲ့ Blackpink အဖွဲ့က Jennie ရဲ့ ပုံရိပ်တွေကိုလည်း ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ် ။
Met Gala 2023 ပွဲတက်ရောက်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ ဖက်ရှင်တွေထဲမှာမှ အပေါ်မှာဖော်ပြထားတဲ့ အနုပညာရှင်တွေအပြင် Dua Lipa ၊ Lil Nas X၊ Cardi B၊ Jeremy Pope စတဲ့ သူတွေရဲ့ ဖက်ရှင်တွေက ပရိသတ်တွေရဲ့ အမြင်ကို ပိုမိုဖမ်းစားနိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင်ထားတဲ့ အဆိုတော် Rihanna ရဲ့ အဖြူရောင်ဝတ်စုံနဲ့ ဖက်ရှင်ကလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
Ref; Forbes














