၃.၅. ၂၀၂၃
Written By Thandar

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊မော်လမြိုင်ကျွန်းမြို့နယ်၊ တယ်ချောင်းကျေးရွာအုပ်စု၊ တယ်ချောင်းကျေးရွာ၊ တယ်ချောင်းကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသော မဟာဗောဓိစေတီတော်မြတ်ကြီး ရွှေထီးတော်တင်မင်္ဂလာ၊ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကို ကဆုန်လပြည့်နေ့ မေ ၃ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရမှ (၇၅)နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဆက်ကပ်သော မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခံရသော ဘဒ္ဒန္တဇာဂရ(မြို့နယ် သံဃနာယက ဒု−ဥက္ကဋ္ဌ ၊ မြို့နယ် ဘ/က ကြီးကြပ်ရေး ဥက္ကဋ္ဌ၊ တယ်ချောင်းဘုန်းတော်ကြီးသင် ပညာရေးတွဲဖက်အထက်တန်းကျောင်း၏ ပဓာနနာယကဆရာတော်)ဦးစီး၍ ဘုရားဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ ကျင်းပသော မင်္ဂလာအခမ်းအနားတွင် ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် ကောင်းမှုအစုစုတို့အား ရေစက်သွန်းချခြင်း၊ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအချိန်တွင် မဟာဗောဓိ စေတီတော်ကြီး၏ ဗောဓိပင်အား ရေသွန်းလောင်း ပူဇော်ခြင်း၊ သုံးကြိမ်မြောက် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ခမ်းခမ်းနားနားဖြင့် သွန်းလောင်းပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

” ဦးဇင်း အိန္ဒိယနိုင်ငံ မဟာဗောဓိစေတီမြတ်ကြီးကို ဘုရားဖူး‌မြှော်တဲ့အချိန်မှာ ဒီမဟာဗောဓိကို အင်မတန်မှ ကြည်ညိုတဲ့အတွက်ကြောင့် ကိုယ့်ရပ် ကိုယ့်ရွာမှာလည်း ဒီပုံစံစေတီတော်တည်ပြီး ခုနှစ်ရက်သားသမီးတွေ ဖူးမြှော်စေချင်တယ်။ တချို့ အိန္ဒိယနိုင်ငံအထိ မဖူးမြော်နိုင်သူတွေ ဖူးမြော်နိုင်ဖို့ ရည်ရွယ်ပြီး အိန္ဒိယက မဟာဗောဓိအပင်ကို ပင့်ဆောင်လာခဲ့တယ်။ မဟာဗောဓိပင်ကို ဒီနေရာမှာပဲ စိုက်ထူပြီး အောင်သပြေနဲ့သစ္စာပြုခဲ့ပါတယ်။ တောအရပ်မို့ အခက်အခဲတွေ ရှိခဲ့ပေမယ့် အခုတော့ သံဃာတော်အရှင်မြတ်တွေနဲ့ သီလခံယူပြီး ကဆုန်လပြည့်နေ့မှာ ထီးတင်ပွဲကြီးကို ခုလို‌အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်”လို့ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ တယ်ချောင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇာဂရက MT News ကို မိန့်ကြားပါတယ်။

ထို့နောက် အလှူတော်မင်္ဂလာအခမ်းအနားတွင် ဘုရားအမှူးရှိသော ပင့်သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်းအစရှိသော လှူဒါန်းဖွယ်ရာ ဒါနဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး သာဓုအနုမောဒနာ တရားတော်မြတ်တို့ကို ဘုရားဒါယကာ၊ ဘုရားဒါယိကာမ အပေါင်းတို့မှ အတူတကွ နာယူခဲ့ကြသည်။

အလားတူ ဓာတ်တော်ဌာပနာတိုက်တော်အတွင်းသို့ ထည့်သွင်းပူဇော်ခြင်းမင်္ဂလာနှင့် ဘုရားဆင်းတုတော်မြတ်များ ပင့်ဆောင်ပူဇော်ခြင်းအခမ်းအနားကိုလည်း မေ ၂ ရက်က ကျင်းပခဲ့သည်။

” ၁၉၉၄ ခုနှစ်က ဆရာတော်ကြီးက တယ်ကျောင်း‌ ကျောင်းတိုက်မှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်ဆိုပြီး ကလေးတွေလိုအပ်နေတဲ့ ပညာရေးကို အတတ်နိုင်ဆုံးထောက်ပံ့ပေးခဲ့တယ်။ နာဂစ်ပြီးသွားချိန်မှာ ဘုန်းဘုန်းရဲ့ကျောင်းမှာရှိတဲ့ မူလတန်း၊ အလယ်တန်း ကလေးတွေကို အခမဲ့ပညာရေးကို လုပ်ကိုင်ဆောင်ရွက်ခဲ့တာပါ။ အခမဲ့ပညာရေးက ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် သင်ကြားမှုပေးနေတဲ့ ဘုန်းဘုန်းတပည့် ဆရာမလေးတွေရဲ့ မုန့်ဖိုးတွေလည်း စီမံပြီး ဘ/ကပညာရေးကိုပေးဖြစိပါတယ်”လို အဆိုပါကျောင်းမှ ဆရာတော် အရှင်ဂန္ဓသာရက မိန့်သည်။

ဉာဏ်တော် ၅၄ ပေ၊ အလျား ၃၆ ပေ၊ အနံ ၂၇ ပေရှိ မဟာဗောဓိစေတီတော်ကြီးသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်မြတ်အတိုင်း အလားတူ တည်ထားကိုးကွယ်ထားသော စေတီတော်ဖြစ်ပြီး ၂၀၂၁ခုနှစ် ကတည်းက စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *