၂. ၅. ၂၀၂၃
Wtitten by Peya

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ လွန်တော်မူပြီဟု ထွက်ပေါ်လာသော သတင်းများမှာ မှားယွင်းပြီး မဟုတ်မှန်ကြောင်း ဆရာတော်ဘုရားကြီး၏ တပည့် သံဃာတော်များက အင်တာနက်စာမျက်နှာများထက်တွင် ပြန်လည်ရှင်းလင်းရေးသားခဲ့ကြသည်ကို MT News က တွေ့မြင်ရသည်။

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများထက်တွင် မေလ ၂ ရက် နံနက်ပိုင်းက စတင်ကာ ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးနှင့် ပတ်သက်၍ ကောလာဟလ သတင်းမျိုးစုံ ထွက်ပေါ်နေခြင်းမှာလည်း မဟုတ်မှန်ဘဲ ဆရာတော်ဘုရားကြီးသည် ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးနေကြောင်း သိရသည်။

“ပြန်ပြီးတော့ မဟုတ်မှန်ဘူးဆိုတာကို ရှင်းလင်းကြပါတယ်။ ဦးဇင်လည်း မနက်က ဖြေရှင်းလိုက်သေးတယ်။ ဖေ့စ်ဘွတ်ခ်မှာ မှတ်ချက်ရေးလိုက်တာပါ။ မဟုတ်ပါဘူး အမှားပါ ဆိုတာမျိုး ရေးလိုက်ပါသေးတယ်။ မန္တလေးကို လှမ်းဆက်ပြီး မေးတာ မဟုတ်ဘူး။ ဒါမျိုး သတင်းဆိုတာကလည်း သာမန် ရဟန်းတစ်ပါးလည်း မဟုတ်ဘူး။ အဓိပတိဆရာတော်ကြီးလေ။ သေချာတဲ့ ခိုင်လုံတဲ့ သတင်းဌာနကလား၊ ဆရာတော်ဘုရားကြီး အနားက တပည့်တွေက အထောက်အထားနဲ့ တင်လိုက်လား ဒါမျိုးကိုမှ တင်ရမှာ” ဟု ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ကျောင်းတိုက်၌ သီတင်းသုံးခဲ့ကာ မန္တလေးပြည်သူ့ဆေးရုံကြီး သီးသန့်ခန်းတွင် အနားယူနေခဲ့ခြင်းဖြစ်ပြီး ထိုသို့ အနားယူနေစဉ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း လာရောက်ဖူးမြော်ခဲ့ကြောင်းနှင့် ဧပြီလ ၃၀ ရက် ညနေပိုင်း ၅ နာရီအချိန်တွင် ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်သီတင်းသုံးကာ တာဝန်ရှိသူ အသီးသီးနှင့် တပည့်ရဟန်းသံဃာများ၊ တပည့်ဒါယကာ၊ ဒါယိကာမများမှ ပင့်ဆောင်ပြုစုခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *