ဓာတ်ပုံ - မြန်မာမွတ်စလင်မ် ပရဟိတ အဖွဲ့
၂၄. ၄ .၂၀၂၃
Written by Hey Mar
တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သတိပဌာန်လမ်းမှအမျိုးသားတစ်ဦး နေအိမ်တိုက်ခန်း ၇ လွှာက မတော်တဆ ပြုတ်ကျသေဆုံးသည့်ဖြစ်စဥ် ယနေ့ ဧပြီလ ၂၄ ရက် နံနက် ၂ နာရီခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း မြန်မာမွတ်စလင်မ် ပရဟိတ အဖွဲ့မှ သိရသည်။
သေဆုံးသူမှာ အသက် ၂၁ အရွယ် အမျိုးသားဖြစ်ပြီး တိုက်ခန်းဝရန်တာ သံပန်းတံခါးကို ဖွင့်ရာမှ အရှိန်လွန်ပြုတ်ကျခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့မှ တာဝန်ရှိသူ “သူက ပူလိုဆိုပြီး ည ၁ နာရီလောက်ကြီး အဲဒီ ဝရန်တာမှာ တပ်ထားတဲ့ sunshade က သံပန်းတံခါးကို ဖွင့်လိုက်တာမှာ တိုက်ခန်းဝရန်တာကလည်း နိမ့်နေတာလည်း ပါတာပေါ့။အရှိန်လွန်ပြုတ်ကျပြီး ပွဲချင်းပြီး ဆုံးသွားတယ်” ဟု MT News သို့ ပြောသည်။
သေဆုံးသူမှာ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ ၊ ခါးရိုးထိခိုက်ဒဏ်ရာ ၊ လည်ပင်းရိုးထိခိုက်ဒဏ်ရာ၊ ခြေထောက်ကျိုးဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။ ရုပ်အလောင်းအား မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သူနာတင်ယာဥ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စီစဥ်ညွှန်ကြားချက်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။







